ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာနှင့် မြင်းမူမြို့အဝင်များရှိ စစ်ကောင်စီတပ်အား PDF ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၃၀ရက် ညနေ ၅ နာရီခွဲခန့်က မုံရွာမြို့အဝင် နယူးဒေးဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ၄၀မမ တစ်လုံးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂)တပ်ရင်း၏ ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောသည်။

Public Service Announcement
“အထိအခိုက်ကတော့ မသိရသေးဘူး။ ဘန်ကာတွေပေါက်ပြဲသွားတော့ အထိအခိုက်ရှိနိုင် တယ် “ဟု မုံရွာခရိုင်အမှတ် (၂၂)တပ်ရင်း၏ ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ဆိုသည်။
အလားတူ ယမန်နေ့(သြဂုတ် ၃၁ရက်) နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်ကလည်း မြင်းမူမြို့အဝင်၌ ခရီးသွားများအား ငွေညှစ်နေသည့် အင်အား၃၀ခန့်ရှိ စစ်ကောင်စီတပ်နှင့်ရဲများကို M9 လက်နက်ကြီး ၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force-MNRF အဖွဲ့၏ခေါင်းဆောင် ကိုမိုးညိုက ပြောသည်။
“မီတာ ၃၀၀လောက်ပဲကွာတယ်။ ကပ်ပစ်ခဲ့တာ။ M9ကွဲတဲ့အချိန် ကွဲသံနားပဲ သေနတ်သံသုံးချက်လောက်ထွက်ပြီး တခါတည်းကားတွေနဲ့မြို့ထဲဝင်ပြေးတာပဲ။”ဟု ကိုမိုးညိုက ပြောသည်။
အနီးကပ်ပစ်ခတ်ခြင်းဖြစ်၍ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်နေပြီး ပြီးခဲ့သည့် ဩဂုတ် ၁၃ရက်ကလည်း မုံရွာမြို့အဝင် မအူဂိတ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ မုံရွာ-အမြင့်လမ်းဘေး ထနောင်းတောတောင်ရွာစျေးအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁၁ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
