ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားများ ပေါ်တာဆွဲသွားရန် ပြင်ဆင်နေစဥ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Dragon GBK-PDF မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
သြဂုတ် ၂၇ ရက်ည ၈ နာရီခန့်က ပြည်သူများအားပေါ်တာဆွဲဖမ်းဆီးရန် ပြင် ဆင်နေသည့် အလယ်ကုန်းရဲစခန်းမှ ရဲနှင့် စစ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon GBK-PDF မှ သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
“ပုံမှန်အားဖြင့် ရဲတွေပဲနေတာ အဲစခန်းမှာ။ မနေ့ညကမှ ပေါ်တာဆွဲဖို့ စကစ တွေရောက် လာတာ။ အဲ့ဒါကြောင့် သူတို့ထွက်အလာစောင့်တိုက်ဖို့လုပ်နေတာ။ ထွက်မလာတာနဲ့ စိတ်မရှည်တော့လို့ လက်နက်ကြီးနဲ့ထုလိုက်တာ”ဟု Black Dragon GBK-PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားပြီး စခန်းအပေါက်ဝတွင်ရှိနေသည့် စစ်ကောင်စီတပ်သားတစ်ဦး ကျည်ထိမှန်လဲကျသွားသည်ကို မြင်တွေ့ရပြီး အခြားထိခိုက်များလည်းရှိကြောင်း၊ အရေအတွက်သိရရန် စုံစမ်းအတည်ပြုနေလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ပြည်သူများအား ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များအား ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့အနီး သွားလာနေထိုင်မှုများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် Black Dragon GBK-PDF မှအသိပေးထားသည်။
ကြို့ပင်ကောက်မြို့ နယ်အတွင်း စစ်ကောင်စီတပ်မှ ပေါ်တာဆွဲဖမ်းဆီးမှု ၃၀ ဦးဝန်းကျင်ရှိပြီဖြစ်ကြောင်း ဒေသခံပြည်များထံမှ စုံစမ်းသိရသည်။
