ဟန်နွေ/People’s Spring
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်အပါအဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရှိရာ နေရာများသို့ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာ၍ ဩဂုတ်လပထမသုံးပါတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးသေဆုံးပြီး သေဆုံးသူအများစုမှာ စစ်မှုမထမ်းမနေရဥပဒေဖြင့် စုဆောင်းထားသောစစ်သား များနှင့် စစ်တပ်လက်အောက်ခံပြည်သူ့စစ်များဖြစ်ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ ကပြောသည်။
” တိုက်ပွဲအတွင်း သေဆုံးတဲ့ စစ်ကောင်စီတပ်သားတွေဟာ ၄၂၃ ၊ ၄၂၄ က တပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေဖြစ်ပါတယ်။ သေဆုံးတဲ့သူတွေဟာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်အရ အများစုက တပ်သားသစ်တွေဖြစ်ပြီး ဆီဆိုင်ကို အပို့ခံရတာ တလဝန်းကျင်သာရှိသေးတဲ့ သူတွေဖြစ်ပါတယ်”ဟု ခွန်ရိန်းယံက ရှင်းပြသည်။

Public Service Announcement

ဩဂုတ်လအတွင်း PNLA တပ်ဖွဲ့များ ရှိသည့် နေရာများသို့ စစ်ကောင်စီ နှင့် လက်အောက်ခံ PNOပြည်သူ့စစ် က စစ်ကြောင်းထိုးကာ ပအိုဝ်းကျေးရွာများကို ပစ်ခတ်ဖျက်ဆီးလာခြင်းကြောင့် တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးသေဆုံးခဲ့ကာ အလောင်း ၃၁ လောင်း ကျန်ရှိခဲ့သည့်အပြင် တိုက်ပွဲအတွင်းလက်နက်ငယ် ၁၄ လက်၊ ၆၀ မမ ပြောင်းတို ၁ လက် နှင့် ဒရုန်း ၂ စင်း သိမ်းဆည်းရမိခဲ့ဟု PNLA ကသြဂုတ် ၂၄ ရက်တွင်ထုတ်ပြန်သည်။စစ်ကောင်စီတပ်နှင့် စစ်တပ်လက်အောက်ခံ PNO/PNA ပြည်သူ့စစ်များကို PNLAနှင့်အတူ မဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုစာရင်းမှာ သြဂုတ်လ ပထမ သုံးပါတ်အတွင်းစစ်ရေးအခြေအနေ ဖြစ်ကြောင်းလည်းသိရသည်။
ဆက်လက်၍ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူကပြောသည်။
တိုက်ပွဲအတွင်း ကျန်ရှိခဲ့သည့် စစ်ကောင်စီ၏ အလောင်းများကို ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့သည်ဟုလည်း ဖော်ပြသည်။
ထိုအပြင် စစ်ကောင်စီတပ်က ဩဂုတ်လအတွင်း ဖျက်အားပြင်းဗုံးများ အသုံးပြု လေကြောင်း တိုက်ခိုက်ခဲ့၍ ပြည်သူလူထုနေအိမ်ထိခိုက်ပျက်စီးမှု၊ ပြည်သူ သေဆုံးထိခိုက်မှု ရှိခဲ့သည်ဟုသိရသည်။


စစ်ကောင်စီ နှင့် လက်အောက်ခံPNOပြည်သူ့စစ်မှ ဆီဆိုင်မြို့နယ် မီရဲ့ကျေးရွာနှင့် ထီရီးပွဉ်ရင်း ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု၏ နေအိမ် ၄ အိမ် မီးလောင်ပျက်စီးကာ ဒေသခံ ၁ဦးသေဆုံးကာ အချို့ထိခိုက်ခဲ့ဟုဆိုသည်။
ဆီဆိုင်မြို့နယ် ပန်အောင်ကျေးရွာကို စစ်ကောင်စီနှင့် PNO က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဒေသခံ တစ်ဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရကာ ကလေးငယ် တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။
ထို့အပြင် ဆီဆိုင်မြို့နယ် လွယ်ထွယ်ကျေးရွာအတွင်းသို့လည်း စစ်ကောင်စီနှင့်လက်အောက်ခံPNOပြည်သူ့စစ်က လက်နက်ကြီး အကြိမ် ၂၀ ကျော် ပစ်ခတ်သဖြင့် ပြည်သူလူထု၏ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရသည်ဟုဆိုသည်။
ထိုသို့တိုက်ခိုက်မှုများကြောင့်ပအိုဝ်းဒေသခံပြည်သူ ၃၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟုသိရသည်။ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများအတွက် စားနပ်ရိက္ခာ အမိုးအကာ အကူအညီများ အရေးပေါ် လိုအပ်နေသဖြင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကူအညီးပေးကြရန်လိုအပ်ကြောင်း PNLAက တိုက်တွန်းထားသည်။
စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များသည် ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းပြည်သူများအား အငတ်ဘေးကြုံတွေ့စေရန် ရည်ရွယ်ပြီး ဆန် ၊ဆီ ၊ဆား စသည့် စားသောက်ကုန်များ လူသုံးကုန်များ လယ်ယာသုံးပစ္စည်းများကို သယ်ယူခွင့် ပိတ်ထားလျက်ရှိသည်ဟု လည်း ဖော်ပြသည်။
“စစ်ဘေးရှောင်ပြည်သူတွေ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေက စားဝတ်နေရေး နေရာထိုင်ခင်းတွေက အရေးပေါ်လိုအပ်နေတာဖြစ်ပါတယ်။ ဒါတွေကို ပြည်တွင်းပြည်ပ ပအိုဝ်းအဖွဲ့အစည်းများ နိုင်ငံတကာအဖွဲ့အစည်းများက လျစ်လျူရှုမထားပဲ အားလုံးဝိုင်းဝန်းကူညီကြဖို့ လိုပါတယ်”ဟု ခွန်ရန်းယံကတိုက်တွန်းသည်။
ထို့ပြင် ဆီဆိုင်မြို့မှ ဒေသခံ ၃ ဦးကို PDF တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့ပြီး ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း၊ ကျန် ၁ ဦးမှာ ပစ်သတ်သူ PNO ပြည်သူ့စစ် စံမြနှင့် ယောက်ဖတော်စပ်သူဖြစ်သောကြောင့် ငွေးငါးသိန်းဖြင့် ပြန်လည်ရွေးခိုင်းကာ PNO ပြည်သူ့စစ်တပ်သားသစ်အဖြစ် အဓမ္မဆုဆောင်းခဲ့ကြောင်း PNLAက ထုတ်ပြန်သည်။
PNOသည် ဒေသခံပြည်သူများကို ငွေကြေးကောက်ခံနေပြီး ငွေမထည့်ပါက တပ်သားသစ် စုဆောင်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ခြိမ်းခြောက်ခြင်းကြောင်း ကျေးရွာမှ ထွက်ပြေးလာသည့် အသက် ၁၄ နှစ် နှင့် အသက် ၁၅ နှစ်အရွယ် ကလေးငယ် ၃ ဦးကိုလည်း PNLA က ကယ်တင်ခဲ့ပြီး မိဘများနှင့် အဆက်အသွယ်ပြန်ရပြီး မိသားစု ဆွေမျိုးများထံ PNLA က ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့သည်ဟုအသိပေးထားသည်။
PNLA သည် မဟာမိတ်များနှင့်အတူ ဆီဆိုင်မြို့ကိုယခုနှစ် ဇန်နဝါရီတွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နောက်ပိုင်းတွင် စစ်ကောင်စီက စစ်အင်အားနှင့် လေကြောင်း၊ လက်နက်ကြီး ပစ်ကူသုံး၍ဆီဆိုင်ကိုပြန်လည်ဝင်ရောက်နေရာယူထားသည်။ ယခု ဩဂုတ်လဆန်းတွင်လည်း စစ်ကောင်စီနှင့် PNO တို့က စစ်ကြောင်းထိုး လှုပ်ရှားမှုများ ပြုလုပ်လာ၍ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများ ခပ်စိပ်စိပ်ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။
PNO ခေါင်းဆောင်အချို့ကမူ ၎င်းတို့ အနေဖြင့် စစ်ကောင်စီ လက်အောက်ခံမဟုတ်ဘဲ ဒေသခံပြည်သူများအား ကာကွယ်ရန် အတွက်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။သို့သော် PNO ခေါင်းဆောင်များမှာ စစ်တပ်အာဏာသိမ်းမှုကိုလက်ခံပြီး အာဏာသိမ်းစစ်တပ်နှင့်အတူ ကရင်နီ ပြည်သို့ပါလိုက်ပါစစ်ကူတိုက်ပေး၍ PNO ပြည်သူ့စစ်များစွာသေဆုံးခဲ့သည်။ တဖက်တွင်
PNO ခေါင်းဆောင် ဦးအောင်ခမ်းထီး ၊ စစ်ဘက်ခေါင်းဆောင်သစ်ဖြစ်လာသော ခရိုနီဦးနေဝင်းထွန်းတို့မှာ ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များနှင့်ပေါင်း၍ စီးပွားရေးလုပ်ငန်းများစွာလုပ်ကိုင်ခွင့်ရပြီး များစွာကြွယ်ဝချမ်းသာနေကြသည်။
NCA ရေးထိုးခဲ့သော်လည်း ပြည်သူနှင့်ပူးပေါင်း၍ စစ်ကောင်စီတပ်ကို ပြန်လည်ခုခံတိုက်ခိုက်နေသော PNLAကမူ PNO ပြည်သူ့စစ်အဖွဲ့အနေဖြင့် စစ်ကောင်စီ လက်အောက်မှရုန်းထွက်ကာ ပအိုဝ်းပြည်သူတစ်ရပ်လုံး၏ အကျိုးအတွက် တော်လှန်ရေးတွင် ပါဝင်ပူးပေါင်းရန် တိုက်တွန်းထားသည်။
“ဒီတိုက်ပွဲတွေက ကျွန်တော်တို့ ပအိုဝ်းဒေသ ပအိုဝ်းနယ်မြေကို စစ်ကောင်စီနဲ့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ဆီဆိုင်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပအိုဝ်းကျေးရွာတွေကို ဖျက်ဆီးဖို့ရည်ရွယ်ချက်နဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ရတာပဲဖြစ်ပါတယ်။ လက်နက်ကိုင်ထားတဲ့ ပအိုဝ်းအဖွဲ့အစည်းမှန်သမျှ ပအိုဝ်းနယ်မြေထဲမှာနေပြီး ပအိုဝ်းပြည်သူရဲ့ မြေတွေကိုသိမ်း ရွာတွေကို ဖျက်ဆီးနေတဲ့ စစ်အာဏာရှင်စနစ်ကို စုပေါင်း တိုက်ထုတ်ဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နဲ့ ပူးပေါင်းပါဝင်ကြပါလို့ တိုက်တွန်းလိုပါတယ်။ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် ကူးပြောင်းလာတဲ့ မည်သူကိုမဆို PNLAက ကြိုဆိုပါတယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူကပြောသည်။
