Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်၊ ပင်လယ်ဘူး နှင့် ထီးချိုင့်ရှိ စစ်တပ်စခန်းများကို ပူးပေါင်းတပ်က ထိုးစစ်ဆင်နေကြောင်း KIA အသိပေး

ပင်လယ်ဘူးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းရမ်းသန်း ပစ်ခတ်၍ ပြည်သူထိခိုက်မှုရှိ

ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်များကို ဩဂုတ် ၂၂ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းဖြင့် ခုခံလျက်ရှိဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA အနောက်ပိုင်းတိုင်း အမှတ်(၈)တပ်မဟာ၊ PDF ပူးပေါင်းတပ်ဖွဲ့များသည်ပင်လယ်ဘူးမြို့၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်စခန်းကို သြဂုတ် ၂၂ ရက်နေ့ မနက်မှ စတင်ထိုးစ်ဆင်လျက်ရှိရာ စစ်ကောင်စီက တိုက်လေယာဉ် Y12 လေယာဉ်များ အသုံးပြု ဗုံးကြဲခုခံတိုက်ခိုက်သည်ဟု KIAက အသိပေးသည်။

စစ်ကောင်စီက လေကြောင်းမှ ရမ်းသန်းပစ်ခတ်ခဲ့၍ ပြည်သူလူထုနေအိမ်ထိခိုက်ပျက်စီးကာ ပြည်သူအများထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပြီး ထိခိုက်မှု အရေအတွက်ကိုမူ ဖော်ပြခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

KIA ပူးပေါင်းတပ်သည် ပြီးခဲ့သည့် အပတ်မှစ၍ အင်းတော်၊ ပင်လယ်ဘူး၊ နဘား၊ ထီးချိုင့် ရှိစစ်စခန်းများကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သြဂုတ် ၂၂ ရက်တွင် ထီးချိုင့်မြတောင်စစ်ကောင်စီ ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲပြင်းထန်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အဆိုပါ တိုက်ပွဲတွင် KIA၊ ABSDF နှင့် KPDF တပ်များက ပူးပေါင်းစစ်ဆင်နေခြင်းဖြစ်သည်။သြဂုတ် ၂၁ ရက်တွင် စစ်ကောင်စီ၏ ကာကင်းစခန်း၃ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး. သြဂုတ် ၂၂ ရက်ည​တွင် မြ​တောင်ရှိ စစ်စခန်းများအားလုံး သိမ်းပိုက်နိုင်ခဲ့ကာ စစ်သုံ့ပန်းများဖမ်းဆီးရရှိခဲ့​ကြောင်းစစ်​ရေးရင်းမြစ်က​ပြောသည်။ မြ​တောင်ရွာရှိစစ်​ကောင်စီဗျူဟာကုန်းသည် ခံစစ်အခိုင်အမာတည်​ဆောက်ထားပြီး ထီးချိုင့်မြို့ အတွက် အဓိက ခံစစ်စခန်းလည်းဖြစ်ကြောင်းသိရသည်။

အင်းတော်၊ ထီးချိုင့်၊ ပင်လယ်ဘူး ၊ ဟုမ္မလင်းနှင့် ကန့်ဘလူမြို့နယ်အတွင်း တိုက်ပွဲများသည် မြို့သိမ်းနိုင်ရန် ရည်ရွယ်ထိုးစစ်ဆင်ခြင်းဖြစ်သည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယခု ဖြစ်ပွားနေသည့် တိုက်ပွဲများအနက် အင်းတော်မြို့နယ် နဘားတိုက်ပွဲသည် စစ်ရေးအရ အရေးကြီးကြောင်း CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

“ကြည့်ရမှာက အင်းတော်နဲ့ နဘားပေါ့။ နဘားကိုသာ ရလိုက်ပြီဆိုရင် နဘားက လမ်းခွဲရှိတယ်တစ်ဖက်မှာ ကသာကိုသွားတဲ့ လမ်းခွဲ၊ ရှေ့ဆက်သွားရင် နမ့်စီးအောင် ၊ နမ့်စီးအောင် ပြီးသွားရင် ကချင်ပြည်နယ်ထဲကို စရောက်သွားပြီပေါ့။ အဲဒီတော့ အဓိကတော့ နဘားကိုဖိတိုက်လိမ့်မယ်။ နဘားကိုဖိတိုက်လိုက်ရင် နမ့်စီးအောင်၊ မိုးညှင်း အဲဒီအထိ ထိန်းချုပ်ပြီးသားဖြစ်သွားမယ်။ ဖြစ်သွားရင် မပခကနေ မြစ်ကြီးနားကနေ ကွက်ကွက်လေးလောက်ပဲ ကျန်တော့မယ်။ အဲဒီအနေအထားနဲ့ တိုက်နေတာလို့ သုံးသပ်ပါတယ်။ “ ဟု ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်က ဦးဆောင်ပြီး တိုက်ပြီဆိုပါက မဟာဗျူဟာအရ စနစ်တကျစီမံချက်ချ တိုက်ခိုက်ခြင်းဖြစ်ဟု ၎င်းက သုံးသပ်သည်။

“ကချင်တွေကလည်း စစ်တပ်နဲ့ စကစနဲ့ နှစ်ရှည်တိုက်လာခဲ့တာ အဲဒီတော့ သူတို့ စီမံချက်ချပြီး ဒါသေချာတိုက်တာမျိုးဖြစ်ပါလိမ့်မယ်။ အချိန်တိုအတွင်း အောင်ပွဲခံမလားဆိုတာတော့ စကစ အင်အားဖြည့်တင်းမှုရှိတယ်။ စောစောက ကျနော်ပြောတဲ့ နဘားဆိုရင် မိုးညှင်း နမ့်စီးအောင်၊ မော်လူး အဲဒီဘက်ကနေ စစ်ကူ အလျင်အမြန်လာနိုင်တဲ့အနေအထားရှိတယ်။ ဒါပေမဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ အနေအထားကလည်း စစ်ကို မြှူပြီးတိုက်တာပေါ့နော်။ အဲဒီလို တိုက်တာဆိုတော့ နဘားက အဖွဲ့တွေ မိုးညှင်းဘက် တဖြည်းဖြည်းရွှေ့သွားလိမ့်မယ်ထင်တယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

KIA အနေဖြင့် သပိတ်ကျင်းမြို့နယ် စစ်ဆင်ရေး၌လည်း ပါဝင်တိုက်ခိုက်နေသကဲ့သို့ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း မိုးမောက်မြို့နယ် ခမရ(၄၃၇) စစ်ကောင်စီစခန်းကို သိမ်းပိုက်ကာ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်မြို့ကို ဖိအားပေးနိုင်သည့် အထိ စစ်ရေးအောင်မြင်မှု ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နှင့် ဧရာဝတီမြစ်သာခြား​သော မြတောင်ရွာမှ စစ်ကောင်စီ တပ်စခန်းများအားလုံးကို KIA၊PDFပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့( သြဂုတ် ၂၂) ညနေတွင် သိမ်းပိုက်လိုက်ပြီး အလံဖြူထောင်လက်နက်ချသူများနှင့် စစ်သုံ့ပန်းများပါ ဖမ်းမိထားသည်။

သတင်း

အင်းတော်၊ ထီးချိုင့် ၊ ပင်လယ်ဘူးဒေသများ၌ တိုက်ပွဲပြင်းထန်

သတင်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် ခြေမြန်တပ်ရင်း ခမရ(၃၂၁)တစ်ခုလုံးကို ဖြိုချဖျက်ဆီးလိုက်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သတင်းရရှိသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က မိုးမောက်မြို့ ခမရ(၄၃၇) တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စခန်းမှ ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။