ရဲခေါင်/People’s Spring
ကချင်ပြည်နယ်၊ဗန်းမော်မြို့သို့ပြေးဆွဲနေသည့် ယာဥ်လိုင်းများ ပြေးဆွဲမှုရပ်နားကာ လေကြောင်းလိုင်းများ ပျံသန်းမှုလျှော့ချလိုက်ကြောင်း ခရီးသည်ဝန်ဆောင်မှု လုပ်ငန်းရှင်များ က ပြောသည်။
စစ်ကောင်စီအတွက် ဗန်းမော်မြို့၏အဓိက ခံစစ်စခန်းဖြစ်သော အမှတ် ၄၃၇ ခြေမြန်တပ်ရင်း(ခမရ ၄၃၇)ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဩဂုတ် ၁၉ရက်တွင် အပြီးသိမ်း ပိုက်နိုင်ခဲ့ပြီးနောက် ဗန်းမော်မြိုရှိစစ်တပ်စခန်းများကိုပါ တိုက်တော့မည်အထင်နှင့် ယာဥ်လိုင်းများပိတ်သိမ်းခဲ့ရခြင်းဟု ဆိုသည်။

Public Service Announcement
“ဗန်းမော် မြို့မှာပါ တိုက်ပွဲ ဖြစ်တော့မယ်လို့ ကြားရတော့ ကြိုပိတ်လိုက်တာပေါ့။ဘယ်နေ့လောက်အထိ ပိတ်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး”ဟု မန္တလေး-ဗန်းမော် ပြေးဆွဲနေသည့် ယာဥ်လိုင်းပိုင်ရှင်တစ်ဦးက လူထုနွေဦးသို့ပြောသည်။
ထို့အတူ တစ်ရက်လျှင် လေးကြိမ်ခန့် ပျံသန်းနေသည့် ရန်ကုန်-မန္တလေး-ဗန်းမော် လေကြောင်း ခရီးစဥ်များမှာ တစ်ရက် နှစ်ကြိမ်သာ ပျံသန်းတော့သည်ဟု သိရသည်။
“အရင်လိုမဟုတ်တော့တဲ့ အခြေအနေမို့ တချို့ လေကြောင်းလိုင်းတွေက ဗန်းမော်ဘက်ကို မပျံတော့ဘူး။အခုက တစ်ရက် ကို နှစ်ကြိမ် အများဆုံးပဲရှိတော့တယ်”ဟု လေကြောင်းလက်မှတ်အရောင်းဌာန တစ်ခုမှ တာဝန်ရှိသူက ပြောသည်။
သြဂုတ် ၁၉ ရက်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော မိုးမောက်မြို့ စစ်ကောင်စီတပ်စခန်းတွင် ခမရ(၄၃၇)၊ ခမရ(၄၁၅)၊ ခမရ(၄၁၆)၊ ခမရ(၃၂၀)၊ ခလရ(၁၃)၊ ခလရ(၄၀)၊ ခလရ(၈၃)၊ ခလရ(၅၆)၊ ခလရ(၁၄၂)၊ ခလရ(၁၃၀)၊ ခလရ(၂၃၆)နှင့် ခလရ(၂၃၇)တပ်များ ဖြင့် အင်အားဖြည့်ထားခဲ့ကြောင်း KIA က ဆိုသည်။
အဆိုပါ တပ်ရင်းများသည် မြစ်ကြီးနား ဗန်းမော်ကားလမ်းတလျှောက်ရှိ တပ်ရင်းများနှင့် ဗန်းမော်-လွယ်ဂျယ် ကားလမ်းတလျှောက်ရှိ တပ်ရင်းများဖြစ်ပြီး KIA ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မူလတာဝန်ကျရာ တပ်ရင်းများမှ ထွက်ပြေးပြီး မိုးမောက်တပ်စခန်းတွင်စုနေခြင်းဖြစ်သည်ဟု ဖော်ပြသည်။
မိုးမောက် ခမရ(၄၃၇)တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတ်မှ ရာချီသေဆုံးဒဏ်ရာရခဲ့ပြီး တင့်ကား ၁ စီး သံချပ်ကာ ၁ စီး အပါအဝင် လက်နက်မျိုးစုံ ရာချီသိမ်းဆည်းနိုင်ခဲ့သည်။
KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မိုးမောက် ခမရ(၄၃၇) တပ်ရင်းသိမ်းပိုက်နိုင်ပြီးဖြစ်၍ စစ်ဆင်ရေးကွတ်ကဲမှုဌာနချုပ်(စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်ကို ဖိအားပေးရန် လမ်းပွင့်သွားပြီဟု ပြောထားသည်။
ဗန်းမော်မြို့တွင်လည်း စကခ(၂၁)ဌာနချုပ်အပါအဝင် တပ်ရင်းတပ်ဖွဲ့ ၁၅ခုခန့်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။သို့သော် အဓိကတိုက်ခိုက်ရေးတပ်ရင်းမှာ ခမရ ၄၃၇ ဖြစ်ပြီး ခမရ ၄၃၇ ကျသွားခြင်းမှာ စစ်ကောင်စီအတွက် စစ်ရေးအရ ကြီးမားသောဆုံးရှုံးမှုဖြစ်သည်။
အကယ်၍ ဗန်းမော်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပါက ပါတ်ပါတ်လည်း ဒေသများတွင်ပါ KIA ကလမ်းကြောင်းများဖြတ်တောက်ထားပြီဖြစ်၍ စစ်ကောင်စီတပ်မှ မြေပြင်မှစစ်ကူပို့မနိုင်တော့ကြောင်း စစ်ရေးအကဲခတ်သူအချို့ကပြောသည်။
