ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွဲခင်းရွာမပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသောစခန်းအား PDF များတိုက်ခိုက်ရာ ထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
ယမန်နေ့(သြဂုတ်၁၂ရက်) နေ့လယ် ၂နာရီခွဲခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်တိုက်နယ်၊ ပွဲခင်းရွာမ ပျူစောထီးရွာစခန်းအား ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး စုစုပေါင်း ၆ ဦးသေဆုံးကြောင်း Chauk Guerrilla Force အဖွဲ့၏တာဝန်ခံ ကိုပိုင်က ပြောသည်။

Public Service Announcement
“စစ်တပ်က တပ်စွဲထားတာတော့ ကြာပါပြီ။ ကျန်တဲ့ပျူတွေကတော့ ထွက်ပြေးသွားကြတယ်။”ဟု ၎င်းက ပြောသည်။
ထို့အပြင် စခန်းမှ ကာဘိုင်သေနတ် ၂လက်၊ တစ်တောင့်ထိုးရှော့ဂန်း တစ်လက်၊ ကာဘိုင်ကျည် ၉၈ တောင့်၊ ကာဘိုင်ကျည်ဘောက် ၃ ခုနှင့်လက်ပစ်ဗုံး ၃လုံး သိမ်းဆည်းရမိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
တိုက်ပွဲမှာ ၁နာရီခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် နှစ်ဦး မစိုးရိမ်ရဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း Bagan Bo Cho PDF အဖွဲ့က အသိပေးသည်။
အဆိုပါ စစ်ဆင်ရေးအား Bagan Bo Cho PDF ၊ မကွေးခရိုင်ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ မကွေးတိုင်းပကဖ ၊ အာဠာဝက မြို့ပြပျောက်ကြားတပ်ဖွဲ့ ၊ Oak Awe UG မြို့ပြပျောက်ကျားတပ်ဖွဲ့ ၊ Chauk Revolution Army ၊ ချောက်ပကဖ ၊ ပခုက္ကူမြို့နယ်ပကဖ ၊ Kyaukpadaung Special Defense Force ၊ Chauk Guerrilla Force ၊Y.R.F ပေါက် ပကဖ ၊ တောဇီးကွက်မြို့ပြပျောက်ကြားတပ်ဖွဲ့ ၊ People Defence Force သခင်ဖိုးလှကြီးတပ်ခွဲ Chauk ၊ မြိုင်ပကဖ၊Burma Ranger Revolution ၊ YRF တပ်ရင်း (၁၂) ၊ မင်းသားကြီး တပ်ဖွဲ့ ၊ Yenathar Youth Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့များသည် သြဂုတ် ၁၀ရက်ကလည်း မကွေးတိုင်း၊ ချောက်မြို့နယ်၊ ရေဆားလယ်ရွာရှိ ပျူစောထီးစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ် ၂လက်အပါအဝင် ခဲယမ်းများနှင့် ကားတစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
