ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်များ သိမ်းပိုက်ရရှိကြောင်း သတင်းရရှိသည်။
ယနေ့(သြဂုတ် ၈ရက်) နံနက်ပိုင်းတွင် ရေကျော်အမည်ရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်မှုတွင် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်သား အလောင်းများရရှိသည်ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement


“မယ့်စလောင်း ကိုသိမ်းတုန်းက ထွက်ပြေးသွားတဲ့ စကစ တပ်သားတွေလို့ သိရတယ်။အလောင်း ခြောက်လောင်း တွေ့ရတယ်။လက်နက်ခဲယမ်းကတော့ လက်နက်ကြီးရော၊ အသေးရောပါတယ်”ဟု ၎င်းက ပြောသည်။
ဘောလခဲမြို့နယ်ရှိ မယ့်စလောင်းတောင်စခန်းကို ဇွန်လ ၂၅ရက်တွင် ကရင်နီပူးပေါင်းတပ်များက ကနဦးသိမ်းပိုက်ခဲ့ပြီး လက်ရှိ သိမ်းပိုက်ရရှိသည့် ရေကျော်စခန်းတွင် မယ့်စလောင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများဖြင့် တပ်စွဲထားခြင်းဖြစ်သည်။
အဆိုပါစခန်းတွင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက် အောက်ခံတပ်ရင်း ခမရ(၅၀၅)နှင့် ဘောလခဲအခြေစိုက်တပ်တို့ ပူးပေါင်းတပ်စွဲထားကြောင်း သိရသည်။
ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖားဆောင်း မြို့နယ်တို့တွင်လည်း တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး လွိုင်ကော် – ဒီးမော့ဆို လမ်းပိုင်းများကို အသုံးမပြုရန် ကရင်နီပူးပေါင်းတပ်များက ထုတ်ပြန်ထားသည်။
