ကျေးရွာများကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်နေ
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ မိုင် ဆက်ကောင်စစ်ကောင်စီတပ်စခန်းကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စစ်ရေး သတင်းရင်းမြစ်အချို့က အသိပေးသည်။
မိုးမောက်မြို့နယ် ဒဂေါ်ကျေးရွာအထက်ရှိ မိုင်ဆတ်ကောင်စီတပ်စခန်းအား ယနေ့ ဧပြီ ၃ရက် နံနက် ၇နာရီခွဲတွင် KIA တပ်မဟာ(၃)က တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။

Public Service Announcement
မိုင်ဆတ်ကောင်တပ်စခန်း သိမ်းပိုက်မှုကို အခြား သတင်းရင်းမြစ်တစ်ဦးကလည်း အတည်ပြုသည်။
KIAသည် ဌာနချုပ် လိုင်ဇအနီးနှင့် မိုးမောက်၊ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ မြစ်ကြီးနား-ဗန်းမော်လမ်း၊ ဗန်းမော် – လွယ်ဂျယ်လမ်းရှိ တပ်စခန်းများအားလုံးနီးပါးကို သိမ်းပိုက်ပြီးဖြစ်သည်။
လက်ရှိတွင် ဒေသတွင်း၌ကျန်နေသည့် တပ်စခန်းများကို ထပ်မံ တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ မိုးမောက်အနီးရှိ ကျောက်စခန်းကို ဧပြီ ၂ရက် ညနေပိုင်း၌ သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဒဂေါ်နှင့် မိုင်ဆက်ကောင် တပ်စခန်းများကိုထိုးစစ်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယမန်နေ့ညပိုင်း၌ ပြောပြသည်။
အဆိုပါတပ်စခန်း အပြင် ခါဂမ်ဘွမ်၊ ရှန်ခေါန်ဘွမ်၊ ဂိဒွန်၊ နာ့ခရမ်၊ စမဝမ်တပ်စခန်းများ အပါအဝင် တပ်စခန်း ၇ခု ခန့် သိမ်းပိုက်ရန် ကျန်နေသေးသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement
ထို့အပြင် စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှစတင်၍ မိုးမောက်မြို့နှင့်ပတ်ဝန်းကျင်ကို လေကြောင်းမှ တိုက်ခိုက်နေသည်။
“မနက် ၇နာရီကတည်းက စပြီး လေကြောင်းကနေပစ်နေတာ။ မိုးမောက်က တော်တော်များများ ဗန်းမော်ကို မနေ့ကရှောင်ကြတယ်။ကျန်နေတဲ့သူတွေကတော့ ဗုံးခိုကျင်းထဲမှာနေနေရတယ်” ဒဟု မြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မိုးမောက်မြို့နှင့် နီးသော ကချင်ရွာများဖြစ်သည့် ဝဝမ်၊ ဝဘော်၊ ကျရီ၊တဂေါ်နှင့် မမ့်ဆိုင်းကျေးရွာများကို လေကြောင်းမှ ဆက်တိုက်ပစ်ခတ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။
“မြို့နဲ့ အနီးကပ်ရှိတဲ့ ကချင်ရွာတွေကို ပစ်နေတာ။ တော်တော်ကို ပစ်နေတာ”ဟု ဒေသခံတစ်ဦးကပြောသည်။
မိုးမောက်မြို့ နှင့် လွယ်ဂျယ်မြို့တို့သည် တရုတ်နှင့်နယ်စပ်ကုန်သွယ်ရေးတွင်အရေးပါသောမြို့များဖြစ်သည်။
KIA အနေဖြင့် မတ်လ ၇ရက်တွင် ထိုးစစ်အရှိန်မြှင့်ပြီး စစ်ကောင်စီတပ်စခန်း များကို တပြိုင်တည်း တိုက်ခိုက်လျက်ရှိရာ တပ်စခန်းကြီးငယ် ၆၀ကျော် သိမ်းပိုက်ထားသည်။ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် တပ်စခန်းများအနက် ဆွမ်ပရာဘွမ် ခလရ(၄၆) တပ်စခန်း တစ်ခုသာ သုံးပတ်ကျော်ကြာ တိုက်ခိုက်နေရဆဲဖြစ်ပြီး ကျန်တပ်စခန်းအများစုမှာ တစ်နေ့အတွင်း သို့မဟုတ် ရက်အနည်းငယ် အတွင်း သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
