▪︎ဒေသခံပြည်သူများ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း
ဇော်ရမ်း/People’s Spring
မြဝတီမြို့မှ စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်သွားမည်ပြီး ဒေသခံပြည်သူများ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ရန် KNU က ထုတ်ပြန်လိုက်သည်။

Public Service Announcement
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မြဝတီမြို့မှ ခလရ−၂၇၅ တပ်စခန်း အား ဧပြီလ (၈) ရက်နေ့ တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ဧပြီလ (၁၁) ရက်နေ့ မနက် (၄း၂၀) မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဟု KNU က ယနေ့ နံနက်တွင် တရားဝင်သတင်းထုတ်ပြန်သည်။
လက်နက်ခဲယမ်းအမြောက်အများလည်းသိမ်းဆည်းရရှိခဲ့သည်ဟုဓါတ်ပုံနှင်တကွထုတ်ပြန်ထားသည်။
ခလရ−၂၇၅ တပ်စခန်းအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိခဲ့၍ တိုက်ခိုက်ခဲ့ခြင်းဟုအသိပေးထားသည်။
တိုက်ပွဲကြောင့် ဒေသခံအများအပြားသည် ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့ထဲတွင်လည်း ကျန်ရှိနေကြသည်။

Public Service Announcement
“စခန်းကနေဆုတ်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနိုင်တယ်။ ဒေသခံတွေကတော့အပြင်မထွက်ရဲဘူး” ဟု မြို့ခံတဦးကပြောသည်။
ယခုအခါ မြဝတီမြို့ရှိ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီအကျွင်းအကျန်များအား ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများမရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်KNU ကတိုက်တွန်းထားသည်။
ခလရ ၂၇၅ မှစစ်ကောင်စီတပ်များမှာ ယမန်နေ့ည ၁၀ နာရီကျော်တွင် စခန်းကို စွန့်ခွာထွက်ပြေးသွားကြပြီး ထိုနောက် BGF တပ်ဖွဲ့ဝင်များက ကခတ္တ နေရာယူခဲ့သော်လည်း ယနေ့နံနက်အစောပိုင်းတွင် BGF တပ်ဖွဲ့ဝင်များဖယ်ပေးကာ KNLA ဦးဆောင်သောတော်လှန်ရေးအဖွဲ့များက စခန်းအတွင်းလက်နက်ခဲယမ်းများကိုသိမ်းဆည်းပြီးနယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ကြောင်း နယ်စပ်မှ People’s Spring သတင်းထောက်က သတင်းပေးပို့သည်။
စစ်ကောင်စီတပ်ကစခန်းကျပြီးနောက် ယမန်နေ့ညတွင် ဗုံးကျဲသလို ယနေ့ နံနက်ပိုင်းတွင်းလည်း စခန်းကို ပေါင်း၅၀၀ ဗုံးဖြင့်ကြဲခဲ့ကြောင်း သတင်းရရှိသည်။
