ဟန်နွေ၊ဇော်ရမ်း /People’s Spring
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ နံနက်တွင်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ် သုံးဦးက ပြောသည်။

Public Service Announcement
KIAသည် ယခုနှစ်ဆန်းပိုင်းတွင် မံစီရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဟန်ထက်တပ်စခန်းကို ဧပြီ ၅ရက် နံနက်တွင် ထပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တပ်စခန်းသည် မန္တလေး- ဗန်းမော် ကားလမ်းမပေါ်၌ ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)တွေ ထွက်ပြေးသွားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က စခန်းသိမ်းပိုက်ရရှိမှု အခြေအနေကို ပြောပြသည်။

အခြား စစ်ရေးသသင်းရင်းမြစ်တစ်ဦးကလည်း ရွှေကူမြို့ အခြေစိုက် ခမရ(၆၀၂)တပ်ရင်းမှ အင်အား ၈၀ ခန့်ရှိဟန်ထက်စခန်းကို ယနေ့မနက်တွင် သိမ်းပိုက်ရှင်းလင်းရရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement
“ဒီတပ်စခန်းက ဗန်းမော်- မန္တလေး လမ်းမပေါ်မှာရှိတယ်လေ။ခမရ(၆၀၂) တပ်စခန်း ။ သွားလာစစ်ဆေးရေးဂိတ်နဲ့တွဲထားတဲ့စစ်တပ်ပေါ့။ သူတို့ကို ၃ရက်နေ့ညကနေဝင်တိုက်တယ်။ မနေ့က နားပြီး မနေ့ညပိုင်းမှာဝင်တိုက်တယ်။ ဝင်တိုက်တော့ ဒီမနက် စောစော မိုးမလင်းခင် သူတို့ဘာသာ သူတို့ ထွက်သွားပြီလေ။ မိုးလင်းတော့ ကျနော်တို့က ရှင်းလင်းရေးလုပ်ပြီး အခုက သိမ်းထားလိုက်ပြီ။ သူတို့အဖွဲ့တွေက မံစီဘက်ကို ထွက်ပြေးသွားပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က ဟန်ထက် တပ်စခန်းသိမ်းပိုက်နိုင်မှု အခြေအနေကို ပြောပြသည်။

ဟန်ထက် (Ganhtak) စခန်းသည် မံစီမြို့ပေါ်နှင့် ကိုးမိုင်ခန့်ဝေးသည့်နေရာ၌ရှိသည်။မံစီ- နမ့်ခမ်း၊ မန်စီ – မဘိမ်း၊ မန်စီ – မန္တလေးသို့ သွားသည့် လမ်းဆုံ၌လည်းတည်ရှိပြီး စစ်ရေးအရအချက်အချာကျသည့် စခန်းဖြစ်သည်။
ဧပြီလ ၃ရက်တွင်စတင်တိုက်ခိုက်ပြီး သုံးရက်အကြာတွင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အခြားစစ်ရေးကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း” ၃(ဧပြီ)ရက်ကနေ စတိုက်တာ။ အဲ့နေ့က ရခါနီးလေကြောင်းပစ်တယ်။ ဒီနေ့မနက်တော့ ရပြီ။ သုံးရက်လောက် ချလိုက်ရတယ်” ဟု ကပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကို လတ်တလော မသိရှိရသေးပေ။

ဟန်ထက်စခန်း မသိမ်းပိုက်မီ မတ်လ နောက်ဆုံးအပတ်အတွင်းကလည်း မံစီမြို့နယ် နမ့်လင်းပါ ခလရ(၁၅)မှ စစ်ကောင်စီတပ်များသည် စခန်းကို စွန့်ခွာပြီး ဟန်ထက်ရွာ၌ စုစည်းခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။
ထို့ပြင် မံစီမြို့နယ် လွယ်ခမ်းဗျူဟာနှင့် ဒေါ့အင်ခန် တပ်စခန်း၊ မိုင်းခေါင်ရွာသစ် ရှိ စစ်ကောင်စီတပ်စခန်းများသည်လည်း KIAကတိုက်ခိုက်ခြင်းမရှိဘဲ မတ်လ ၂၄ ရက်တွင် စခန်းကို စွန့်ခွာသွားသည်။ မံစီမြို့နယ် မဒန်ယန် စစ်ကောင်စီတပ်စခန်းသည်လည်း မတ်လ ၂၀ရက်တွင် စခန်း စွန့်ခွာသွားရာ KIAကရှင်းလင်းမီးရှို့ခဲ့သည်။
KIAသည် မတ်လ ၇ရက်က ကချင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများအား တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုမီကတည်းက မံစီမြို့နယ်ရှိ မံဝိန်းကြီး၊ ကိုက်ထိပ်၊ စီခမ်းကြီး တပ်စခန်းများ အပါအဝင် ဗျူဟာစခန်းများ၊ ရှေ့တမ်းစခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
