ကချင်ပြည်နယ်၊ မံစီမြို့နယ်မှ စစ်ကောင်စီ၏ခလရ (၂၅၀)ရှေ့တန်းစခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်KPDF က ယနေ့(ဖေဖော်ဝါရီ ၂ရက်) နံနက်၌ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များကပြောသည်။
“ဒီနေ့ဆို သုံးရက်မြောက်ပြီ တိုက်နေတာ။ ဒီစခန်းက ကိုက်ထိပ်စခန်းလိုပဲ အရေးပါတယ်။ ဒီမနက် သိမ်းလိုက်တာမှန်ပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားကြောင်း ကနဦးသတင်းရရှိသော်လည်း အသေးစိပ်မသိရသေးပေ။စခန်းအား နံနက် ၇နာရီခန့်တွင် သိမ်းယူနိုင်ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီကလေကြောင်းမှ လာရောက်တိုက်ခိုက်နေကြောင်း ဒေသခံများထံကပြောသည်။
စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိသေးပေ။
KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့သည် မံစီမြို့နယ်ရှိခမရ(၄၂၄) စခန်းနှင့် ရဲစခန်းကို လည်း ဇန်နဝါရီလ ၂၀ရက်ဝန်းကျင်၌ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုစခန်းသိမ်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များပြားသည် ရွှေလီမြစ်ကိုကူး၍ တရုတ်နိုင်ငံဘက်သို့ထွက်ပြေးသွားခဲ့ကြသည်။

Public Service Announcement
ထို့အပြင် မန်စီမြို့နယ်တွင် စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်ပြီး ဗန်းမော်နှင့် နမ့်ခမ်းကြား စစ်ရေးဗျူဟာအရအရေးပါသည့် ကိုက်ထိပ်စစ်တပ်စခန်းကိုလည်း KIA နှင့် KPDF ပူးပေါင်းတပ်က ဇန်နဝါရီ ၂၉ ရက်တွင်သိမ်းပိုက်ခဲ့သည်။
