စောနွေဦး/People’s Spring
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ရှိ ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်က ယမန့်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ရေမျက်နီရွာကို စစ်ကောင်စီတပ်က ဧပြီ၃ ရက်တွင် မီးရှို့ခဲ့ပြီး တစ်ရက်အတွင်း နေအိမ် ၂၀၀ ခန့်မီးလောင်ပျက်စီးခဲ့သည်ဟု ရေမျက်နီရွာသားများကပြောသည်။

” မီးလောင်ပေမယ်။ ဘယ်သူမှ မငြိမ်းရဲဘူး ။ ညနေပိုင်းမှာ မီးက လောင်တာရပ်သွားတယ်။ ဒီနေ့အထိ တငွေ့ငွေ့လောင်နေတုန်းပဲ”ဟု အဆိုပါရွာသားတစ်ဦးက ပြောသည်။
ကျေးရွာအတွင်း ဝင်ရောက်ခဲ့သည့် စစ်ကြောင်းမှာ ကျောမြို့ အမှတ် (၂၃) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကျော ကပစ-၂၃)မှ စစ်ကောင်စီတပ်သားများ ဖြစ်သည်။

လက်ရှိအချိန်ထိ ကျေးရွာအတွင်း ဆက်လက် တပ်စွဲထားဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement
စစ်ကောင်စီက လက်ရှိအချိန်ထိ ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ဂန့်ဂေါမြို့နယ်၊ ကျောမြို့ ကပစ-၂၃မှ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး အင်အား ၁၀၀ခန့်က ရေမျက်နီရွာကို ဧပြီ ၃ ရက် နံနက်ပိုင်းက ဝင်ရောက်ခဲ့ပြီး ချက်ချင်းမီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ထီးလင်းမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“ရန်သူတွေမှာ ပြည်သူဆိုတာ မရှိတော့ပါဘူး၊ သူတို့စခန်း မကျရစေရေးအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ လုပ်ရပ်လုပ်ပြလိုက်တာဖြစ်ပါတယ်”ဟု ထီးလင်းမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။
ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။
