▪︎အမ်းမြို့နယ် တောဟိန်းတောင်ဗျူဟာ နှင့် မောင်တော ကြိမ်ချောင်း နယ်ခြားစောင့်တပ်ခန်များကိုလည်း တိုက်ခိုက်
ရှိုင်း/People’s Spring
ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိပြီး ယခုရက်များအတွင်း ဘူးသီးတောင် ၊ အမ်းနှင့် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်နေကြောင်း AAက ဧပြီ ၃ ရက်ညတွင် ထုတ်ပြန်သည်။

Public Service Announcement
ဘူးသီတောင်၊ စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ဧပြီ ရက်မှ စတင်တိုက်ခိုက်နေသကဲ့သို့ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့၊ မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကြောင်း ဖော်ပြသည်။
မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်လျက်ရှိသော ကြောင့်နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟုဆိုသည်။
ရက္ခိုင်ပြည်နယ် မြေပုံမြို့နယ်၊စညှင်းကျေးရွာအရှေ့ရှိ စစ်ကောင်စီ တပ်စခန်း တစ်ခုကိုလည်း ဧပြီ ၂ရက်မှ စတင်ထိုးစစ်ဆင်လျက်ရှိပြီး စစ်ကောင်စီက လေကြောင်း ပစ်ကူပေး ခုခံနေ၍ ထိုးစစ်အား တဆင့်ခြင်း အရှိန်မြှင့်လျက်ရှိသည်ဟု အသိပေးသည်။
မတ်လ ၃၁ရက်က အမ်းမြို့နယ် လုံးရွာ အနောက်ဘက် တစ်မိုင်ခန့် တောင်ကြောတွင် စစ်ကောင်စီနှင့် တစ်နာရီခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်ကမျက်မြင် ၄ဦးသေဆုံးခဲ့ဟု ထုတ်ပြန်သည်။

Public Service Announcement
ရက္ခိုင်ဒေသ၌ စစ်ရှုံးနေသည့် စစ်ကောင်စီသည် ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်လုပ်နေသည်ဟုလည်း ဖော်ပြသည်။ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။
မတ်လ ၃၁ရက်ညက မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ မူလတန်းလွန် စာသင်ကျောင်းအား ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မူလတန်းလွန်စာသင်ကျောင်း နှင့် လူနေအိမ် (၄) လုံး ပျက်စီးသွားခဲ့သည်ဟုသိရသည်။ ဧပြီ ၂ရက်တွင်လည်း ကမ်းထောင်းကြီးမြို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၍ ပြည်သူ ၃ဦးသေဆုံးကာ အချို့ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြကာ လူနေအိမ် နှစ်လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
