ထားဝယ်အမြောက်တပ်သို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့(မတ်၃၁) မနက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် ဗထူးတပ်မတော်(BHA)က ထုတ်ပြန်သည်။
မတ်လ ၃၁ရက် မနက် ၇နာရီခွဲတွင် တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်ရှိ အမြောက်တပ်(၃၀၂) တပ်ရင်း သို့ အင်အားဖြည့်ရန်လာသည့် မြေတင်ကား ၂စီးပါ စစ်ကောင်စီယာဉ်တန်းအား ရေး-ထားဝယ် လမ်းမကြီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်သည်။

Public Service Announcement
“ကလိန်အောင်ဘက်ကနေထားဝယ်ဘက်ကို ရေး-ထားဝယ်လမ်းအတိုင်း ဆင်းလာတဲ့ စကစကား(2)စီးကို ကြားဖြတ်တိုက်ခိုက်တာ” ဟု ဗထူးတပ်မတော် သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့ကြောင်း၊ မြေတင်ကာ တစ်စီး ထိမှန်ခဲ့ရာ ကားပေါ် ပါ စစ်ကောင်စီတပ်သား ၄၀ဦးခန့် အားလုံးနီးပါး ထိခိုက်သေဆုံးဒဏ်ရာရမှုများ ရှိခဲ့ကြောင်း ဖော်ပြသည်။သို့သော် စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါ။
အဆိုပါကားမှာလမ်းဘေးတွင် အပျက်အစီးများစွာဖြင့်ကျန်ရစ်ခဲ့သောပုံကိုလည်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆) တပ်ရင်း(၂၇) နှင့် ဗထူးတပ်မတော် တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

စစ်ကောင်စီတပ်အား စစ်ရေးအရှိန်မြှင့် တိုက်ခိုက်ချေမှုန်းမည်ဖြစ်၍ ပြည်သူများ စစ်ရေး သတိဖြင့် သွားလာနေထိုင်ကြရန် ထုတ်ပြန်ထားရာ ထုတ်ပြန်ချက်အား လေးစားလိုက်နာရန် ထပ်လောင်း ဖော်ပြသည်။
ထို့ပြင် စစ်ကောင်စီ လက်ကိုင်တုတ်ဖြစ်သောပျူစောထီးများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာကျရှုံးမှုပေါင်းများစွာ ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်အား စွန့်ခွာ၍ ပြည်သူ့ရင်ခွင်အမြန်ဆုံးခိုလှုကြရန်လည်း ဗထူးတပ်မတော်က တိုက်တွန်းသည်။
တနင်္သာရီတိုင်းတွင် KNLA ကဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်း၍ စစ်ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်လာရာ စစ်ကောင်စီတပ်အထိနာနေသည်။
