▪︎“စစ်ဆင်ရေးက အခက်အခဲတွေတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့အောင်မြင်မှုက ပိုပြီးမှ များတယ်” KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ
▪︎တပ်မ (၈၈) တပ်မမှူး တိုက်ပွဲ၌ဒဏ်ရာရပြီး ဗန်းမော်ဆေးရုံ၌ သေဆုံးသွားကြောင်း KIA အတည်ပြု
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် မတ်လ ၇ရက်မှ စတင်သည့် စစ်ဆင်ရေးသည် မတ်လ ၃၁ရက်နေ့ မနက်ပိုင်းအထိ စစ်ကောင်စီတပ်စခန်း အကြီးအသေး( ၆၀ )ဝန်းကျင်ကို သိမ်းပိုက်ရရှိထားကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement
“ကျနော်တို့ မတ်လ ၇ရက်ကနေ ဒီနေ့ လကုန်တဲ့အထိ ကျနော်တို့ KIA စစ်ဆင်ရေးက အခက်အခဲတွေတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့အောင်မြင်မှုက ပိုပြီးမှ များတယ်လို့ ကျနော်တို့က ခြုံပြီးမှ ပြောလို့ရပါတယ်” ဗိုလ်မှူးကြီးနော်ဘူက လူထုနွေဦးသို့ပြောသည်။
မတ်လ ၇ရက် မနက်ပိုင်းမှစတင်ပြီး KIA ဌာနချုပ် လိုင်ဇာအနီး၊ဗန်းမော်- မြစ်ကြီးနားလမ်း ဝိုင်းမော်၊ ဗန်းမော် မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၂ခုထက်မနည်းကို KIA ဦးဆောင်သည့် ပူးပေါင်းတပ်များက တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ သိမ်းပိုက်လို့ရတဲ့ စကစရဲ့ တပ်စခန်းတွေကတော့ အကြီးအငယ် အားလုံးပေါင်းလို့ရှိရင် ၆၀ ဝန်းကျင်လောက်ရှိပါတယ်နော်။ အခုလည်းဆက်ပြီးမှ သိမ်းဆည်းနေဆဲဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောပြသည်။

Public Service Announcement

မတ်လ (၇)ရက်နေ့တွင် စတင်ခဲ့သည့် KIA ထိုးစစ်တွင် သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်းများထဲတွင် လိုင်ဇာအနီးရှိ အင်တပ်ဘွမ်၊ ခယာဘွမ်၊ မလိ၊ အင်လုံခ ၊ ဟန်းကိုင်ဘွမ်၊ ဘွမ်ရယ်ဘွမ် တပ်စခန်းများ ပါဝင်ပြီး ဘွမ်ရယ်ဘွမ်မှ ထွက်ပြေးသွားသည့် တပ်မ(၈၈) တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦးသည်လည်း တိုက်ပွဲ၌သေဆုံးသွားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။
မတ်လ ၂၉ရက် မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲ၌ စစ်ကောင်စီ တပ်မမှူး သေဆုံးခဲ့ခြင်းဖြစ်ပြီး KIA ၏ မတ်လ ၇ရက်စတင်သည့် စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က သေဆုံးသူများထဲ၌ အဆင့်အမြင့်ဆုံး အရာရှိလည်းဖြစ်သည်။
စစ်ကောင်စီတပ်မမှူးသေဆုံးမှုကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မှန်ကန်သည်ဟု အတည်ပြုသည်။
“စကစရဲ့ တပ်မ(၈၈) တပ်မမှူးကတော့ ၂၉ရက်နေ့မှာ မန်နောင်နဲ့ နောင်ဂီဆိုတဲ့ ကြားမှာ တိုက်ပွဲဖြစ်တဲ့နေရာမှာ ဒဏ်ရာရတယ်တဲ့။ အဲဒီဒဏ်ရာကို ကုသဖို့ ဗန်းမော်ဘက်ကိုရောက်သွားတယ်။ ဆေးရုံမှာ ပြန်ပြီးမှ ဆုံးသွားတယ်ဆိုတဲ့ သတင်းကတော့ ကျနော်တို့ စုံစမ်းသိရှိရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်းများထဲ၌ ဒေါ့ဖုန်းယန် အခြေစိုက် ခလရ(၁၄၂)တပ်ရင်းသည် တပ်ရင်းအလိုက် လက်နက်ချခဲ့ခြင်းဖြစ်သည်။

မတ်လ ၇ရက် စစ်ဆင်ရေး မစတင်ကတည်းက စခန်းသိမ်းတိုက်ပွဲများ လုပ်ဆောင်ခဲ့သည့်ဖားကန့်ဒေသရှိ တာမခန်တပ်စခန်း၊ တန်သုံးထောင်တပ်စခန်း၊ ကသိုဏ်းတောင် တပ်စခန်းများကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဖားကန့်တိုက်ပွဲအတွင်း တာမခန်တပ်စခန်းမှ ထွက်ပြေးသွားသည့် ခမရ(၁၁၉) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသက်ပိုင်ထွန်းလည်း သေဆုံးခဲ့သည်ဟု ဆိုသည်။
စစ်ဆင်ရေးအတွင်း ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဆွမ်ပရာဘွမ်ရဲစခန်းနှင့် မလိယာန် တပ်စခန်းတို့ကို KIAက သိမ်းပိုက်ထားပြီး ဆွမ်ပရာဘွမ်၌ တစ်ခုတည်း ကျန်နေသည့် ဗျူဟာစခန်းကို ယခုလကုန်ပိုင်းအထိ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူသုံးခုခံလျက်ရှိသည်။
မိုးမောက်မြို့နယ်ရှိ ဒါဆိုင်းအခြေစိုက် ခလရ(၂၃၇)တပ်ရင်း၊ နွမ့်လန်းရှိ ခမရ(၄၃၈)တပ်ရင်း၊ အမှတ်(၆၁၆) ဒုံးတပ်ရင်း၊ နောင်ကောန်ရှိ အမြောက်တပ်ရင်း(၃၇၀) ၊ ကုန်းလောရှိ ခမရ(၃၈၇)တပ်ရင်း၊ မြို့သစ်ရှိ ခမရ(၃၂၀)တပ်ရင်း၊ ယောယုံဗျူဟာစခန်း တို့ အပါအဝင် တပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများနှင့် ကာကင်းစခန်းများစွာကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည်။
ထို့ပြင် KIAဌာနချုပ်ဟောင်း နာဖော့တပ်စခန်းနှင့်အနီးဝန်းကျင်ရှိ စစ်စခန်းများစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
KIA၏ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ ဟောင်ဝစ်ဇာအမြောက်များနှင့် စက်သေနတ်များအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်းရာချီ ဖမ်းဆီးရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ် တို့က အသိပေးသည်။
မတ်လ ၇ရက် စစ်ဆင်ရေးမတိုင်ခင်က စခန်းသိမ်းတိုက်ပွဲများ အောင်မြင်မှုရခဲ့သည့် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအများအပြားလည်း စခန်းကို စွန့်ခွာ ထွက်ပြေးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။မတ်လ တတိယ အပတ်အတွင်း လွယ်ခမ်းဗျူဟာစခန်းအပါအဝင် မံစီ၊ မချမ်းဘော မြို့နယ်တို့မှစစ်စခန်း ၆ခုထက်မနည်း စခန်းစွန့်သွားသည်ဟုဆိုသည်။
KIA ပူးပေါင်းတပ်က ဖေဖော်ဝါရီလကတည်းက သိမ်းပိုက်ထားသည့် ဆင်ဘိုမြို့အနီးရှိ ခလရ(၁၄၁) တပ်စခန်းကိုလည်း KIAက ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး တနိုင်းမြို့နယ်ရှိ တပ်စခန်း အချို့ကိုလည်း KIAက သိမ်းပိုက်ခဲ့သည်။

လက်ရှိတွင် မြစ်ကြီးနား -ဗန်းမော်လမ်းရှိ စစ်ကောင်စီစခန်းအားလုံးနီးပါး သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း KIAက အသိပေးထားပြီး ဗန်းမော်-လွယ်ဂျယ်လမ်းရှိ ယောယုံစစ်ဗျူဟာ အပါအဝင် စစ်စခန်း ၁၂ ခုထက်မနည်းကိုလည်း မတ်လ ၂၇ရက်မှ ၃၀ ရက်နေ့များအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါလမ်း၌ ကျန်နေသည့် စိန်လုံဗျူဟာစခန်းနှင့် တပ်စခန်း ၃ခုကို KIAက ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIA အနေဖြင့် လွယ်ဂျယ်မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်များ နှင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ ထွက်ခွာရန် အသိပေးထားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ တစ်ဖက်တွင်လည်း တရုတ်ဘက်က လွယ်ဂျယ်ကို ဝင်မတိုက်ရန် KIA ကို ဖိအားပေးနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIA၏ စစ်ဆင်ရေးအတွင်း ကြုံလာရနိုင်သည့် အခက်အခဲနှင့် ဖိအားပေးမှု အခြေအနေများနှင့်ပတ်သက်ပြီး KIA အဖွဲ့၏ သဘောထားကို ဆက်လက်မေးမြန်းထားဆဲဖြစ်သကဲ့သို့ စစ်ရေးအောင်မြင်မှုရနေသည့် အခြေအနေတွင် အပစ်ရပ်စဲရန် ဖိအားပေးမှုများ ရှိလာပါက မည်သို့သဘောထား ရှိသည်ဆိုသည်တို့ကိုလည်း မေးမြန်းထားသည်။
(စစ်ကောင်စီ၏ယောယုံစစ်တပ်စခန်းကိုKIAသိမ်းပြီးနောက်တွေ့ရစဥ်/ မတ် ၂၉ ရက်တွင်သေဆုံးခဲ့သောတပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးကြီးမင်းထွဋ်ဦး/ယောယုံစခန်းမှ သိမ်းဆီးရရှိသော ဟောင်ဝပ်ဇာ / လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ပြီး နောက် KIA အလံလွှင့်ထူစဥ်။ ဓါတ်ပုံ -CJ)
