မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ ကန်ကောက်ကျေးရွာရှိ မဟာဓာတ်အားလိုင်းနှင့်မလွတ်သည့် နေအိမ်တစ်ထောင်ခန့် ဧပြီလ(၄)ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် စစ်ကောင်စီက စာပို့သွားကြောင်း ဒေသခံများက ပြောသည်။
ကန်ကောက်ကျေးရွာရှိ ၂၃၀ ကေဗွီ ရွှေစာရံ-အောင်ပင်လယ် မဟာဓါတ်အားလိုင်း၏ ဧရိယာ ဘေးဘယ်ညာ ၇၅ပေစီ၊စုစုပေါင်း ပေ ၁၅၀ အတွင်း ကျရောက်နေသည့်နေအိမ်များမှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည်ဟုဆိုကာ ဧပြီလ (၄)ရက်နေ့ ည (၁၂)နာရီ နောက်ဆုံးထား အပြီးဖယ်ရှားရန် အာဏာသိမ်းစစ်တပ်၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက နေအိမ်ရှင်များအားမတ်လ(၃၀)ရက်နေ့က စာပို့သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
“သေချာသွားပြီ။ နောက်လ ၄ ရက်နေ့နောက်ဆုံးဖယ်ပေးဖို့ စာပို့သွားတယ်။ မီတာတွေလည်းလာဖြုတ်သွားတယ်။ အခုကိုပစ္စည်းတွေထုပ်သိမ်းနေကြပြီ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများ၏ အဆိုအရ ဖယ်ရှားရမည့်အိမ်ခြေတစ်ထောင်ခန့်ရှိသည်ဟုပြောသည်။ဆိုသော် People’s Spring က ဖယ်ရှားခံရမည့် အိမ်အရေအတွက်ကို သီးခြားအတည်ပြု၍ မရသေးပေ။
နန်းဦးလွင်ကျေးရွာအား မတ်လ(၆)ရက်နေ့မှစတင်၍စစ်ကေုင်စီတပ်လက်အောက်ခံဝန်ထမ်းများက နေအိမ်များဆောက်လုပ်ထားမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် မတ်လကုန်တွင် စာပို့ကာ နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။
“မီးကြိုးနဲ့လွတ်လားမလွတ်လားမသိတော့ ဝယ်မိတာ။လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တည်းက ၅၀၀ (ကျပ်သိန်း ၅၀၀ ) နီးနီးပေးဝယ်ခဲ့ရတာ။ ကျူးဆိုတာလုံးဝမဟုတ်ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
နန်းဦးလွင်ကျေးရွာအုပ်စုရှိ ကျေးရွာအချို့မှနေအိမ်များကို ၂၀၂၃ခုနှစ် ဇူလိုင်လကလည်း စစ်ကောင်စီက လယ်ယာမြေဥပဒေကိုင်၍ ပြောင်းရွှေ့ရန် ကြိုးစားခဲ့သေးသည်။ သို့သော် မအောင်မြင်ခဲ့ဘဲ ယခုနှစ်တွင် ကန်ကောက်ကျေးရွာကနေအိမ်များကို ဓါတ်အားလိုင်းအကြောင်းပြ၍ ထပ်မံရွှေ့ပြောင်းရန် ကြိုးစားလာခြင်းဖြစ်သည်။
ဧပြီလ(၄)ရက်နေ့နောက်ဆုံးထား ဖယ်ရှားခြင်းမရှိပါက ရှင်းလင်းသွားမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သည်။
စစ်ကောင်စီသည် ယမန်နှစ် ဇွန်လအတွင်း၌လည်း ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု (၁) ဘက်ရှိ နေအိမ်များကို ဖယ်ရှားခဲ့သည်။ထိုအပြင် စစ်ကောင်စီသည် မန္တလေးမြို့သစ် ကံကြီးကုန်း ၊ဇီးအုပ်ရပ်ကွက်ရှိနေအိမ်များ အပါအဝင် မန္တလေးမြို့အနှံ့က သောင်းနှင့်ချီသော နေအိမ်များကိုလည်း ကျူးကျော်ဆိုကာဖျက်ဆီးခဲ့သည်။
စစ်ကောင်စီက ပြည်သူပိုင်နေအိမ်များကို ဖျက်ဆီး သိမ်းဆည်းပြီး စစ်ကောင်စီ အရာရှိများကို အကွက်ရိုက်ပေးဝေခြင်း ၊ရောင်းစားခြင်းများပြုလုပ်ကြကြောင်း ပြည်သူအချို့ကပြောသည်။
ရန်ကုန်မြို့တွင်လည်း လှိုင်သာယာ၊ မဂ်လာဒုံ ၊မရမ်းကုန်း စသဖြင့် မြို့နယ်များစွာတွင် နေအိမ်ပေါင်းသာင်းနှင့်ချီ၍ ကျူးကျော်ဟုဆိုကာအင်အားသုံးဖျက်ဆီးဖယ်ရှားခဲ့သည်။
