ကသာမြို့နယ်၊ မြေနုကျေးရွာနှင့်မိုးတားလေးကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်းအား KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့(ဇူလိုင်လ ၄ရက်) နေ့လည်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာစစ်တပ်စစ်ကြောင်းသည် ဆုတ်ခွာပြေးသွားကြောင်း PDF အချို့ကပြောသည်။
စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ ၄ရက်နေ့လည် ၁၂နာရီ၂၅မိနစ်တွင် ဒရုန်းဖြင့်စတင်တိုက်ခိုက်ပြီး လက်နက်ကြီးများ ဖြင့်ပါပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“ဒရုန်းနဲ့ ချတာ ထိချက် မှန်တယ်။ စစ်ကောင်စီဘက်က လက်နက်ငယ် တစ်ချက်ပဲ ပြန်ပစ်နိုင်တယ်။သူတို့ဆုတ်သွားတယ်”ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
အဆိုပါ တိုက်ပွဲကို KIA နှင့်အတူ မိုးတားတိုက်နယ် ပကဖ၊ မြို့မတိုက်နယ်ပကဖကယတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

လတ်တလောတွင် ကသာမြို့နယ်အတွင်းပါဝင်သော ချောင်းဝကျေးရွာအပါအဝင်စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မှ ကျေးရွာအချို့တွင် စစ်ရေးတင်းမာနေသည်။
ဇူလိုင်လ ၄ရက် နံနက် ၆နာရီခန့်က ချောင်းဝကျေးရွာသို့ရောက်ရှိလာသော စစ်ကောင်စီစစ်ကြောင်းကို မြို့လှPDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှတစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။ ထိုစစ်ကောင်စီစစ်ကြောင်းက ချောင်းဝကျေးရွာအတွင်းဝင်ရောက်ကာ ဒေသခံများ၏နေအိမ်ဆယ်လုံးကိုမီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံအချို့ကပြောသည်။
