ကသာမြို့နယ် ညောင်ခြေထောက်ရွာအနီးတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက်စစ်တပ်ကရွာမှ အိမ်ခြေ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများကပြောသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များသည် ညောင်ခြေထောက်ရွာအနီးတွင် ဇွန်လ ၁ရက် ညနေပိုင်းကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားသည်။
“စစ်တပ်ဘက်ကခုနှစ်ယောက်ဒဏ်ရာရတယ်။ ကာကွယ်ရေးရဲဘော်တစ်ယောက် ဒဏ်ရာရတယ်။ရွာအနားမှာတိုက်ပွဲဖြစ်တော့ရွာကို မီးရှို့သွားတော့တာ” ဟုကသာမြို့မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။




စစ်ကောင်စီတပ်သည် မေလ ၃၀ရက်မှစ၍ထီးချိုင့်နှင့်ကသာနယ်စပ်ကျေးရွာများကို အင်အား ၂၀၀ ခန့်ဖြင့်စစ်ကြောင်းသုံးကြောင်းခွဲပြီး စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ ထိုစစ်ကြောင်းသုံးကြောင်းအနက်မှတစ်ကြောင်းသည် ဇွန်လ ၁ရက်တွင် ညောင်ခြေထောက်ရွာအနီး ရောက်လာစဉ်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကိုမူ မသိရသေးပေ။

ညောင်ခြေထောက်ရွာသည်အိမ်ခြေ ၂၀၀ ခန့်သောရွာဖြစ်ပြီးစစ်ကောင်စီတပ်က ဇွန်လ ၁ရက်က မီးရှို့ဖျက်ဆီးမှုတွင် အိမ်ခြေ ၁၀၀ကျော် မီးလောင်သွားသည်ဟု ဒေသခံများကပြောသည်။
ညောင်ခြေထောက်ရွာကို မီးရှို့ဖျက်ဆီးသွားသည့်စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (ဇွန်လ ၃ရက်)တွင် အင်းရွာသို့ရောက်ရှိနေသည်ဟု ဒေသခံများကပြောသည်။စစ်ကောင်စီစစ်ကြောင်းဝင်နေ၍ ဒေသခံများ လုံခြုံရေးသတိရှိနေကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကသာခရိုင် တပ်ရင်း ၁က သတိပေးထားသည်။
