ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် ဗုံးပေါက်သည့်နေရာကို ရှာဖွေရေးပြုလုပ်ရာ ပေါက်ကွဲမှုထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဇွန် ၅ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့သည့်နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေရေးလုပ်ဆောင်ခဲ့ရာမှ ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူနာတင်ကားများသွားရောက်ခဲ့ကြောင်း ဒေသတွင်းသတင်းများကိုဖော်ပြပေးနေသည့် သန်လျင်မီဒီယာက သတင်းဖော်ပြထားသည်။
“နေလည့်က သုံးယောက်ထိတယ်လို့ သိရပါတယ်။” ဟု သန်လျင်ဒေသခံတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်း ခရိုင် လေးခုရှိ စစ်ရေးပစ်မှတ် ခြောက်နေရာကို ဇွန်လ ၄ ရက်ညက မဟာမိတ်အင်အားစုများက ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
သန်လျင်မြို့နယ်၌ ပြုလုပ်ခဲ့သည့်နေရာသည် စစ်ကောင်စီများက ပြည်သူများ၏ဆိုင်ကယ်များကို အတင်းအကျပ် စစ်ဆေးသည့်နေရာဖြစ်ပြီး ယင်းတိုက်ခိုက်မှုတွင်လည်း ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။
ဇွန်လ ၄ ရက် ညကပြုလုပ်ခဲ့သည့်စစ်ဆင်ရေးများကို Anonymous Fighters Force -AFF မှ ဦးဆောင်၍ Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊Emerald Girls Army – EGA ၊Rangoon Urban Force တို့က ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သန်လျင် နှင့်လှိုင်သာယာမြို့နယ် တိုက်ခိုက်မှုများတွင် ဒဏ်ရာရရှိသူ သုံးဦးထက်မနည်းရှိကြောင်း ထုတ်ပြန်ထားသည်။
