နယ်စပ်မှ ပိုကုန်တင်ပို့သည့် ပို့ကုန်ကုမ္ပဏီများကို သက်တမ်း ၃နှစ်အောက်ရှိပါက ပို့ကုန်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းနှင့်သက်တမ်း ၃နှစ်အထက်ရှိပါက ၂၀ ရာခိုင်နှုန်းကို အပေါင်တင်ထားရမည်ဟု စစ်ကောင်စီက သတ်မှတ်လိုက်ပြန်သည်။
ပို့ကုန်ဝင်ငွေများ ပြန်လည်ဝင်ရောက်လာမှသာ အပေါင်တင်ထားသောငွေ(စစ်ကောင်စီက အာမခံကြေးဟုသုံးနှုန်းထား)များကို ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး ပို့ကုန်ဝင်ငွေပြန်လည် မရောက်လာပါက ထိုငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင် ၁ ရက်ရက်စွဲဖြင့် ထုတ်ပြန်သည်။
အပေါင်ငွေများကို ဘဏ်တခုခုတွင် ပို့ကုန်လိုင်စင်အတွက် အပ်နှံပြီးကြောင်း အထောက်အထားပြမှသာ သက်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ပို့ကုန်လိုင်စင်လျှောက်ထားရမည်ဟုလည်းဆိုသည်။
“အင်မတန်တင်းကျပ်တဲ့ မူဝါဒလိုခေါ်ရမယ်။ နောက်ပြီး ပို့ကုန်လုပ်ငန်းတွေကို အလွယ်တကူလုပ်ခွင့်မရအောင် ထားတဲ့ စည်းကမ်းတွေပါ။ ကုန်သည်တွေကို လည်ပင်းညှစ်တဲ့ လုပ်ရပ်တွေ”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထို့ကန့်သတ်ချက်များသည် ပဲမျိုးစုံ၊ ပြောင်း ၊ နှမ်းနှင်မြေပဲဆံ ပို့ကုန်များအတွက် အကြုံဝင်သည်ဟု စစ်ကောင်စီက ဆိုထားသည်။
ထိုပြင် စစ်ကောင်စီက ပို့ကုန်ရငွေများကို သတ်မှတ်အချိန်သည့် ရက်ပေါင်း ၃၀အတွင်းပြန်လည်ဝင်ရောက်ရမည်ဟု ကန့်သတ်ထားပြီး ထိုထက်နောက်ကျပါက အရေးယူမှုများဆောင်ရွက်မည်ဟုလည်း ခြိမ်းခြောက်ထားသည်။
စစ်ကောင်စီကမူအဆိုပါကန့်သတ်ချက်များကို ပို့ကုန်ရငွေကြိုတင်ပေးသွင်းစရာမလိုဘဲ သတ်မှတ်ရာခိုင်ဖြင့်အာမခံကြေး ပေးသွင်းစေခြင်းဖြစ်ပြီး ဖြေလျှော့ပေးခြင်းဖြစ်သည်ဟုကြေညာထားသည်။ စစ်အုပ်စု အာဏာမသိမ်းခင်က အဆိုပါကန့်သတ်ချက်များမရှိဘဲလွတ်လပ်စွာ ကုန်သွယ်နိုင်ကြခြင်းဖြစ်သည်။
အမေရီကန် အစိုးရက စစ်ကောင်စီ၏ MFTB ဘဏ်နှင့် MICB တို့ကို အရေးယူဒဏ်ခတ်လိုက်ပြီးနောက် စစ်ကောင်စီသည် နိုင်ငံတွင်း နိုင်ငံခြားငွေရရှိသော ပို့ကုန်သွင်းကုန်လုပ်ငန်းများကို ပိုမိုတင်းကြပ်နေခြင်းဖြစ်သည်။ သွင်းကုန် ကုမ္ပဏီများကိုလည်း သွင်းကုန်လိုင်စင်မရခင်ငွေချေခြင်း ၊ ကြိုတင်ငွေပေးခြင်းများကို ခွင့်မပြုတော့ဘဲသွင်းကုန်လိုင်စင် ရပြီးမှသာငွေချေရမည်ဟု ဇူလိုင်လဆန်းမှပင်ကန့်သတ်ထားသည်။စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် လုပ်ငန်းလည်ပတ်ရန် ပိုမိုခက်ခဲလာကြောင်းလုပ်ငန်းရှင်များကပြောသည်။
ထိုအပြင် နိုင်ငံခြားဝင်ငွေရှိသောလုပ်ငန်း ၊အဖွဲ့အစည်း၊လုပုဂ္ဂိုလ်တိုင်း၏ ငွေရောင်းဝယ်မှုကို ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် အနီးကပ်စောင့်ကြည့်ပြီး အရောင်းအဝယ်တစ်ခုချင်းအတွက်ဆုံးဖြတ်ချက်ကိုပင် စစ်ကောင်စီ၏ ဘဟိုဘဏ်ကချမှတ်သောပုံစံ နိုင်ငံခြားငွေအရောင်းအဝယ်ဈေးကွက်ကိုကန့်သတ်ထိန်းချုပ်ထားသည်။
