ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲအတွင်းဇွန် ၃၀ ရက်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲ တွင်ကရင်နီပူးပေါင်းတပ်က တာဆန်းလဲရွာအနီး၌ စစ်ကောင်စီတပ်၏ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်တစ်စီးကိုပစ်ချခဲ့ရာ လေယာဥ်ပျက်ကျခဲ့သည်ဆိုသောနေရာဓါတ်ပုံကို ကလလတ က ယနေ့ညဦးပိုင်းတွင်ထုတ်ပြန်သည်။
ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ)က”သံလွင်နားပစ်ထိပြီးပျက်ကျသွားသည့်ဂျက်ဖိုင်တာနေရာ”ဟုရေးသား၍ ဒရုန်းဖြင့်ရိုက်ကူးထားသည်ဟုယူဆရသော အပေါ်စီးမှရိုက်ထားသည့် သတင်းဓါတ်ပုံ သုံးပုံထုတ်ပြန်ထားရာ လေယာဥ်ကိုမတွေ့ရသော်လည်း သစ်ပင်ခပ်ကျဲကျဲပေါက်သောသစ်တောအတွင်းကြီးမားသောပေါက်ကွဲပျက်စီးမှုကြောင့် ဖြစ်ပေါ်နေသောအလျှိုရာကြီးကိုတွေ့ရသည်။ထိုနေရာ အနီးရှိ သစ်ပင် ၄၊၅ ပင်ခန့်မီးစွဲ လောင်ထားသကဲ့သို့ ပျက်စီးနေသည်ကိုလည်းတွေ့ရသည်။လေယာဥ်ပျက်ကျသည်ဟုပြောပြီး ၆ ရက်အကြာတွင် ကလလတ က ခုဓါတ်ပုံများကိုထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါဓါတ်ပုံနှင့် ပတ်သက်၍ ကလလတ သို့မှတ်ချက်မေးမြန်းရန် People’s Spring ကဆက်သွယ်ရန်ကြိုးစားနေသော်လည်း ဆက်သွယ်မရသေးပါ။
အဆိုပါလေယာဥ်ကို ကလလတ ၏တပ်ဖွဲ့ဝင်များက ဇွန် ၃၀ ရက်နေ့နေ့ခင်းပိုင်းတိုက်ပွဲအပြင်းအထန်ဖြစ်နေချိန် အနိမ့်ပျံသန်းနေစဥ် ရှိသောလက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကလလတ က မီဒီယာများသို့ဖြေကြားထားသည်။

အဆိုပါလေယာဥ်ပျက်ကျသွားသောနေရာသည် နယ်ခြားစောင့်တပ်စခန်း ၁၀၀၅ အောက်နား သံလွင်မြစ်ဘေးတွင်ဖြစ်ပြီး လေယာဥ် ပျက်ကျပြီးနောက် စစ်ကောင်စီတပ် ကတိုက်လေယာဥ်နှင့် ရဟတ်ယာဥ်များတစ်နေကုန် ပျံဝဲ တိုက်ခိုက်နေ၍ တော်လှန်ရေးအင်အားစုများ လေယာဥ်ပျက်ပုံ ချက်ချင်းသွားယူရန် မဖြစ်နိုင်ခဲ့ကြောင်း ကရင်နီတော်လှန်ရေးအင်အားစုများကပြောသည်။
စစ်ရေးရင်းမြစ်အချို့က ပျက်ကျသောလေယာဥ်မှာ တရုတ်နိုင်ငံထုတ်K-8အမျိုးအစား အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်သည်ဟုပြောသည်။
