တနင်္သာရီတိုင်း ရေဖြူမြို့မှ ကလိန်အောင်မြို့ဘက်သို့ ဒေသခံများ၏ကားများဖြင့် လာသည့် စစ်ကောင်စီတပ်သား ၁၀၀ခန့်လိုက်ပါလာသည့် ယာဉ်တန်းကို ဇွန်လ၂၃ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့ပြီး ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကလိန်အောင်မြို့အခြေစိုက်ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ကားလေးစီးပါသည့် အဆိုပါယာဉ်တန်းအား ဟိန်းဇဲကျေးရွာအနီး ရေပူစမ်းလမ်းအကွေ့အကျော်တွင် ပေါက်ကွဲအားပြင်း မိုင်းများဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့က ပြောသည်။
ဒဏ်ရာရှိသူများကို ပြည်သူများကားများအား အဓမ္မခေါ်ဆောင်ပြီး ထားဝယ်မြို့ရှိ စစ်ဆေးရုံးသယ်ဆောင်ထားသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက ဆိုသည်။
မိုင်းထိမှန်ခဲ့သည့် စစ်ကောင်စီတပ်သားများတင်လာသည့် ကျောက်တင်ကားတစ်စီးကို မိုင်းထိမှန်သည့်နေရာတွင် ပစ်ထားခဲ့သည်ဟုလည်း ဆိုသည်။
“မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်နဲ့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များ နှစ်ဖက်အပြန်အလှန် မိနစ်အနည်းငယ်ကြာအောင် ပစ်ခတ်မှုဖြစ်ခဲ့ပါသေးတယ်။ ကျနော်တို့ မဟာမိတ်ပူးပေါင်းဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ပါတယ်”ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက ပြောသည်။
အဆိုပါတိုက်ခိုက်မှုမှုကို ကော်သူလေးအာမိ (KTL)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YP-PDF)နှင့် ကလိန်အောင်အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ကျောက်တင်ကား သုံးစီး၊ယာဉ်ငယ်တစ်စီးဖြင့် ကလိန်အောင်မြို့ကို ဦးတည် မောင်းနှင်လာခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဆိုင်ကယ်နှင့် ဈေးရောင်းထွက်သည့် ပြည်သူတစ်ဦးအား ရိုက်နှက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင် သွေးကွက် ကြီးများ တွေ့ရသည်ဟု ဒေသခံများက ပြောသည်။
