စစ်ကောင်စီထိန်းချုပ်ထားသော ဘဏ်နှစ်ဘဏ်ကို အမေရီကန်အစိုးရက အရေးယူဒဏ်ခတ်သောနေ့တွင်ပင် စစ်ကောင်စီ၏ ဗဟိုဘဏ်ကဘဏ်များတွင် နိုင်ငံခြားငွေရောင်းဝယ်မှုကို အနီးကပ်စောင့်ကြည့်ထိန်းချုပ်ထားသော ညွန်ကြားချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က “နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဘဏ်နှင့် Customer အကြား ၊ Customer အချင်းချင်းအကြားအရောင်းအဝယ်များကို online ဖြင့် မြန်မာနိုင်ငံတာ်ဗဟိုဘဏ် သို့တင်ပြရောင်းဝယ်ရန် ကိစ္စ”ဟုခေါင်းစဥ်တပ်ထားပြီး ဒေါ်လာရောင်းဝယ်မှုကို စစ်ကောင်စီက အလုံးစုံထိန်းချုပ်ကန့်သတ်ထားသော ညွန်ကြားချက်ကိုဇွန် ၂၁ ရက်စွဲဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် ဒေါ်လာရောင်းလိုသူ ၊ဝယ်လိုသူ ၊ဘာကြောင့်ရောင်းလို၊ဝယ်လိုခြင်းအကြောင်းပြချက် ၊ဈေးနှင့် ရောင်းဝယ်လိုသောပမာဏ ၊ဝင်ငွေရလမ်း ၊ကုမ္ပဏီအထောက်အထားစသဖြင့်အသေးစိတ် အချက်အလက်များစီစစ်တောင်းခံစေပြီး အချက် ၉ ချက်ပါသော ညွန်ကြားချက်ဖြင့် ထိန်းချုပ်ကန့်သတ်ရန်ကြိုးစားထားသည်ကိုတွေ့ရသည်။နိုင်ငံခြားငွေအရောင်းအဝယ်များကို စစ်ကောင်စီက အွန်လိုင်းရောင်းဝယ်မှုစနစ်ဖြင့် ကြီးကြပ်ခြင်းဖြစ်သည်ဟုလည်းဆိုသည်။
နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရဘဏ်များသည်နံနက် ၁၀နာရီမှ ၁၁နာရီခွဲအကြားတွင် ဘဏ်နှင့် ဒေါ်လာဝယ်ယူမည့်လုပ်ငန်းရှင်များအကြားရောင်းဝယ်ရန် စီစဉ်ထားသည့် အရောင်းအဝယ်များ ၊ ဝယ်/ရောင်းလိုသည့် ကုမ္ပဏီစာရင်းကို ပူးတွဲပေးပို့ရမည်ဟုဆိုသည်။ဝယ်ယူလိုသည့်ကုမ္ပဏီဖြစ်စေ၊ ရောင်းချလိုသည့် ကုမ္ပဏီဖြစ်စေလုပ်ငန်းအမျိုးအစား၊ ဝင်ငွေရလမ်း၊ရောင်းဝယ်လိုသောပမာဏ ၊ဈေးနှုန်း ၊ဝယ်လိုသည့်အကြောင်းပြချကများကို ဘဏ်များကမှန်ကန်အောင်စစ်ဆေးရမည်ဟုလည်းဆိုသည်။
ထိုစာရင်းများကို ပုဂ္ဂလိကဘဏ်များကစစ်ဆေးပြီး နံနက် ၁၁ နာရီ နောက်ဆုံးထားပို့ရမည်ဖြစ်ကာ ၊အရောင်းအဝယ်ပြုလုပ်ရမည့် ပမာဏ၊ ငွေလဲနှုန်းများကို စစ်ကောင်စီဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များနှင့်ညှိနှိုင်း ဆုံးဖြတ်မည်ဟုပါရှိသည်။ ထိုနောက်တွင်မှ ရောင်းဝယ်ရမည်ပမာဏများကို စစ်ကောင်စီဗဟိုဘဏ်က နေ့လယ် ၁နာရီတွင် အကြောင်းပြန်မည်ဟုဆိုသည်။
ဗဟိုဘဏ်က ဆုံးဖြတ်ပေးသည့် အရောင်းအဝယ်များကို သာဘဏ်များက ဝန်ဆောင်မှုပေးရမည်ဟုဆိုသည်။ ထိုကြောင့် ဒေါ်လာရောင်းဝယ်မှု လုပ်ငန်းစဥ်တစ်ခုလုံးကို စစ်ကောင်စီက အသေးစိပ်စောင့်ကြည့်ပြီး ဆုံးဖြတ်ချက်ကိုလည်း စစ်ကောင်စီဗဟိုဘဏ်ကပင်ချမည်ဖြစ်၍ စစ်ကောင်စီ ခွင့်မပြုလျှင် အရောင်းအဝယ်လုပ်မရအာင်ကန့်သတ်ထားခြင်းပင်ဖြစ်သည်။
“ဒါဟာ ဒေါ်လာလိုအပ်ချက်ကို ထိန်းချုပ်ဖို့ စစ်အုပ်စုက ကြိုးစားနေတာပဲ။ ဒီလုပ်ရပ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ပိုမိုခက်ခဲကုန်တာပဲရှိမယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ယခင်ကပြည်တွင်း ပုဂ္ဂလိကဘဏ်များအနေဖြင့် ကုန်သည်နှင့် လုပ်ငန်းရှင်များကိုဒေါ်လာရောင်းချရာတွင် ရောင်းချပြီးမှ စာရင်းကို ဗဟိုဘဏ်ကိုတင်ပြရခြင်းဖြစ်သည်။
ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ပြင်ပတွင် ဒေါ်လာဘယ်ဈးပေါက်နေသည်ဖြစ်စေ တစ်ဒေါ်လာကို ၂၁၀၀ ကျပ်ဖြင့် စစ်ကောင်စီသတ်မှတ်ထားသောဘဏ်များကို မဖြစ်မနေရောင်းချရခြင်းဖြစ်သည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းများသည် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) တွင်ဘဏ်စာရင်းဖွင့်၍ ၆၅ ရာခိုင်နှုန်းကို မဖြစ်မနေ ၂၁၀၀ ကျပ်ဖြင့်ရာင်းချပေးခဲ့ကြရသည်။ ဇွန် ၂၁ ရက်တွင် အမေရီကန်အစိုးရက MFTB နှင့် MICB ဘဏ်တိုကို ဒဏ်ခတ်အရေးယူလိုက်သဖြင့် ပုဂ္ဂလိက ဘဏ်များကို ဒေါ်လာအရောင်းအဝယ်ပြုလုပ်ရာတွင်လိုက်နာရန်အသေးစိတ် အချက်အလက်များထုတ်ပြန်လာခြင်းဖြစ်ပြီး အမေရီကန်အစိုးရ၏ ပိတ်ဆို့မှုကြောင့် စစ်ကောင်စီက ယခုကဲသို့လုပ်လာခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များကပြောသည်။
စစ်ကောင်စီက ဇွန် ၂၁ ရက်မှာပင် အမေရီကန်၏ ပိတ်ဆို့အရေးယူမှုမှာ MFTB နှင့် MICB တို့သည် အမေရီကန်ဘဏ်များတွင် ငွေစာရင်းမဖွင့်ထား၍ ငွေကြေးဆုံးရှုံးမှုမရှိဘဲ ၊ပြည်သူများအနေဖြင့် အဆိုပါဘဏ် ၂ ခုတွင် ယုံကြည်စွာဘဏ်လုပ်ငန်းများဆောင်ရွက်နိုင်သည်ဟုထုတ်ပြန်ခဲ့သေးသည်။ထိုအပြင် နိုင်ငံခြားငွေ အရောင်းအဝယ်ကို ထိုဘဏ်များသာမက ပုဂ္ဂလိကဘဏ်နှင့်နိုင်ငံခြားဘဏ်ခွဲများကလည်းဆောင်ရွက်သည်ဟုထုတ်ပြန်သည်။ထိုသိူ့ထုတ်ပြန်ပြီး နိုင်ငံခြားငွေရောင်းဝယ်မှုကို အလုံးစုံထိန်းချုပ်သောညွန်ကြားချက်ကိုလည်းတစ်ပြိုင်နက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုကြောင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဒီဘဏ်နှစ်ခု ဒဏ်ခတ်ပိတ်ဆို့ခံရတာ စစ်ကောင်စီအတွက် အရှိုက်ထိုးခံထိတာပဲ၊ ဒါကို ဘာမဖြစ်သလို ဟန်ဆောင်ပြီး ပြောနေပါစေ သိတဲ့သူတွေကသူတို့ အထိနာတာသိတယ်”ဟုသုံးသပ်ပြောကြားသည်။
အမေရီကန်နိုင်ငံခြားရေးဝန်ကြီးဌာနက”အာဏာရှင်အဖွဲ့အစည်းက ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် နိုင်ငံခြားငွေကြေးသုံးစွဲမှုအဆင်ပြေချောမွေ့စေရေးအတွက် MFTB နှင့် MICB တို့သည် အခရာကျသည့် အဖွဲ့အစည်းများဖြစ်ပါသည်။ ဤဘဏ်များသည် ၄င်းတို့၏ နိုင်ငံခြားဘဏ်စာရင်းများကိုအသုံးပြု၍ မြန်မာနိုင်ငံ၏ အခွန်ဘဏ္ဍာငွေရှာဖွေပေးသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာဈေးကွက်နှင့် အလွယ်တကူချိတ်ဆက်နိုင်စေခဲ့ခြင်းဖြင့် စစ်ရေးကိစ္စရပ်များအတွက် အာဏာရှင်အဖွဲ့အစည်းက ခေါင်းပုံဖြတ်အမြတ်ထုတ်နိုင်မည့် ငွေကြေးအရင်းအမြစ်အမြောက်အများကို ပံ့ပိုးပေးခဲ့ကြပါသည်”ဟုထို ၂ ဘဏ်ကိုအရေးယူရသည့်အကြောင်းရင်းကိုထုတ်ပြန်သည်။
အမေရီကန်၏ အရေးယူဒဏ်ခတ်မှုပြီးနောက်တစ်ရက်တွင်ပြင်ပဈေးကွက်၌ ဒေါ်လာနှင့်ရွှေဈေးများတက်လာသည်။ ဒေါ်လာဈေးမှာ ပြင်ပဈေးကွက်တွင် ၃၂၀၀ ကျပ်ခန့်နှင့် ရွှေဈေးမှာ ၁၆ ပဲရည်တစ်ကျပ်သားကျပ် ၃၂ သိန်းဝန်းကျင်အထိတက်လာခဲ့ခြင်းဖြစ်သည်။
