အစာရေစာပြတ်သည့်အဘွားအိုတစ်ဦးအပါအဝင် ပြည်သူငါးဦး စစ်ရှောင်ရင်းသေဆုံး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း အနီးဝန်းကျင်ကျေးရွာများကိုစစ်တပ်၏ ပစ်ခတ်အကြမ်းဖက်မှုကြောင့် နှစ်ပတ်အတွင်း ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ထွက်ပြေးတိမ်းရှောင်နေရသောပြည်သူ ၅ ဦးမှာလည်းကျန်းမာရေးမကောင်း၍သေဆုံးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီက ပြောသည်။
ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်အုပ်စုက စခန်းထဲသို့ အင်အားထပ်တိုးကာ စစ်အုပ်စုက အရပ်သားပြည်သူများကို အကြမ်းဖက်မှုများဆက်တိုက် ပြုလုပ်နေကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီက ပြောသည်။
ဇွန်လ၁၄ရက်က စစ်ကောင်စီတပ်သည် ပြည်သူများရှိရာနေရာသို့ ပစ်ခတ်ခဲ့ရာ ပြည်သူသုံးဦးကျည်ထိပြီး ကိုဇာနည်ဆိုသူမှာ ဦးခေါင်းတွင်ကျည်ထိမှန်၍ သေဆုံးခဲ့သည်။ ထိုဖြစ်စဥ်တွင် နောက်ထပ်ပြည်သူနှစ်ဦးမှာ လက်နှင့် တင်ပါးတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီက ပြောသည်။
ထို့နေ့ကပင် ညောင်ပင်ကြီးစခန်းအနီး ထန်းတောရွာမြောက်ပိုင်းတွင် ၎င်းတို့နေအိမ်များမှ ပစ္စည်းများအား လာသယ်သည့် ပြည်သူများကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ပြည်သူ ၁၀ဦးခန့်ကျည်ထိမှန်သေဆုံးကြောင်း အထက်ပါကော်မတီက ပြောသည်။
သေဆုံးသူများအနက် နှစ်ဦး၏ ရုပ်အလောင်းကိုကောက်ယူနိုင်ပြီး ကျန်အလောင်းများကိုကောက်ယူနိုင်ခြင်းမရှိသေးဟု သိရသည်။
ဇွန်လ ၁၁ရက် ညနေပိုင်းကလည်း ထန်းတောဇတ်ဆိပ်တွင် စစ်ကောင်စီတပ်က ပြည်သူ နှစ်ဦး သတ်ဖြတ်ခဲ့ပြီး ကင်းပုန်းများရှိသောကြောင့် အဆိုပါ အလောင်းများကိုကောက်ယူနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၁၉ရက်ကလည်း စိတ်ကျန်းမာရေးမကောင်းသည့်အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး ၎င်း၏ အလောင်းကိုမူ ကောက်ယူနိုင်ကာ မြေမြှပ်ပေးခဲ့ကြောင်း သိရသည်။
“ကောက်ယူနိုင်ခြင်းမရှိတဲ့ အလောင်းတွေကို စစ်အုပ်စုက မီးရှို့တဲ့အထဲမှာရောပြီး အလောင်းဖျောက်တာတွေရှိနေပါတယ်။ လက်ရှိ ညောင်ပင်ကြီးစခန်းထဲမှာ ပြည်သူ၃၀ ကျော်ကိုဖမ်းဆီးထားပြီး စခန်းပြန်လည်တည်ဆောက်ရေးအတွက် အလုပ်ခိုင်းတာတွေရှိနေပါတယ်”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီဝင် ကိုအောင်ခန့်ဇော်က ပြောသည်။
ထို့အပြင် စစ်ရှောင်ရင်း ကျန်းမာရေးမကောင်း၍ အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“သေဆုံးသူတွေမှာ နဂိုရောဂါအခံရှိသူတွေဖြစ်ပြီး ဆေးကုဖို့ရန်အခက်ခဲရှိလို့သေဆုံးကြောင်းသိရပါတယ်။ အဘွားအိုတစ်ဦးကတော့ အိမ်ထဲမှာပိတ်မိပြီး လေဖြတ်ထားသူဖြစ်ပါတယ်။ အစာရေစာပြတ်လက်ကာသေဆုံးကြောင်းလည်းသိရှိရပါတယ်။”ဟု ကိုအောင်ခန့်ဇော်က ပြောသည်။
စုစုပေါင်း သေဆုံးသူ ၁၅ဦးအထက်ရှိနိုင်ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီက ခန့်မှန်းသည်။
“စိတ်ကျန်းမာရေးမကောင်းတဲ့ ရွာထဲ လျှောက် သွားနေတဲ့ အမျိုးသားတစ်ယောက်က လက်နက်ကြီးမှန်ပြီး ဆုံးသွားတာ။ တခြား သတ်ဖြတ်ခံရတဲ့သူတွေလည်းရှိနေတယ်။ အလောင်းတွေက ခွေးစား ကျီးထိုးထားလို့ ဘယ်သူ ဘယ်ဝါဆိုတာ မသိရတော့ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ဘေးရှောင်အရေအတွက်များပြားနေပြီး နေ့စဥ်လူဦးရေထောင်ချီ ကျွေးမွေးနေရသဖြင့် ရိက္ခါအခက်အခဲများရှိနေကြောင်း ဒေသတွင်းစစ်ရှောင် ကူညီနေသူများက ပြောသည်။
ဇွန်လ၉ရက် ညနေပိုင်းမှစတင်ကာ စစ်ကောင်စီတပ်၏ ညောင်ပင်ကြီးစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှင့်ရဲအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းနိုင်ခဲ့သည်။
ထိုနေ့မှစ၍ ညောင်ပင်ကြီးရွာအပါအဝင် အနီးဝန်းကျင်ရွာများအား စစ်ကောင်စီတပ်က နေ့စဥ်ရက်ဆက် ဆက်တိုက်မီးရှို့ခဲ့သည်။
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ပထမ တစ်ပတ်အတွင်း နေအိမ်၃၀၀ ကျော် ပြာကျခဲ့သည်။ လက်ရှိအခြေအနေမှာ ပြည်သူထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သောကြောင့် မီးလောင်အိမ်ခြေအရေအတွက်အဆိအကျကို မသိရသေးပေ။
ညောင်ပင်ကြီးစခန်းဝန်းကျင်မှ ကျေးရွာအများအပြားက ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေ ၁ ရက်မှ ၂၀၂၃ မေ ၃၁ ရက်အထိ နေအိမ်ပေါင်း၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။
