တိုက်ပွဲဖြစ်ပွားပြီးစစ်ရေးတင်းမာနေကာ ဒေသခံအရပ်သားများပါပိတ်မိနေသော တမူးမြို့နယ် ၊ပန်းသာရွာတွင် ပျူစောထီးမိသားစုဝင်အချို့က ရွာပြင်ထွက်ရန်အကူအညီတောင်း၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဘေးလွှတ်ရာသို့ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံနှင့် PDF အချို့ကပြောသည်။
စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ပန်းသာရွာရှိစစ်တပ်နှင့် ပျူ ပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့(ဇွန်လ ၁၅ ရက်နေ့) နံနက်တွင် တိုက်ခိုက်ပြီးနောက်ပိုင်း စစ်ရေးတင်းမာနေခြင်းဖြစ်သည်။ပန်းသာရွာပတ်ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုးထားသဖြင့် ယနေ့(ဇွန်လ ၁၆ရက်)တွင် ရွာမှ ထွက်ခွာလိုသည့် အရပ်သားများအနက် ပျူစောထီးမိသားစုဝင်အချို့ ပါဝင်လာခြင်းဟု သိရသည်။
” သူတို့ထွက်ချင်တယ်ဆိုပြီး လက်မြောက်ပြီးပြောတယ်။လူငယ်တွေ(PDFတွေ)က ဘေးကင်းတဲ့နေရာအထိ ပို့ပေးလိုက်ပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ပန်းသာရွာသည် အိမ်ခြေ ၄၀၀ခန့်ရှိသော ရွာကြီးဖြစ်ပြီးတမူးမြို့ အနောက်တောင်ဘက် ၇ မိုင်ဝန်းကျင်အကွာတွင်ရှိသည်။ ထိုအပြင် ပန်းသာရွာသည် မြန်မာ-အိန္ဒိယနယ်စပ်အနီးတွင်တည်ရှိသောရွာဖြစ်ပြီး အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းပေါ်တွင် တည်ရှိသည်။

စစ်တပ်မှ အသွင်ပြောင်းထားသော ပြည်ထာင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အများအပြားရှိပြီး ပျူစောထီးရွာအဖြစ်နာမည်ကြီးသည်။ စစ်ကောင်စီကလည်း ထိုရွာတွင် အခိုင်အမာတပ်စွဲထား၍ ဇွန်လ ၁၅ရက် နံနက်တွင် စစ်ကောင်စီတပ်နှင့်ပျူ စောထီးပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်းသတင်းရရှိသည်။
ထို့ကြောင့် ဇွန် ၁၅ ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ကဂျက်ဖိုက်တာ နှစ်စင်းဖြင့် လာရောက်ပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း PDF များထိခိုက်မှုမရှိဟုသိရသည်။
ဇွန် ၁၆ ရက်တွင်လည်း စစ်ရေးဆက်လက်တင်းမာနေသဖြင့် ပန်းသာရွာဒေသခံများသည် ရွာမှ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။
ပန်းသာတိုက်ပွဲနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနနှင့် တမူးခရိုင်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ထို့အပြင် ဇွန် ၁၅ ရက် နံနက်ပိုင်း စခန်းသိမ်းတိုက်ပွဲဖြစ်နေချိန်တချိန်တည်းတွင် အိန္ဒိယနိုင်ငံနှင့်နယ်စပ်အနီးတမူးမြို့၊ နမ့်ဖာလုံးဈေးသို့သွားရာလမ်း ၁၄ တံတားရှိ ပျူစောထီ ဂိတ်ကို တော်လှန်ရေးအဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့သေးကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် တမူးမြို့မှနာမည်ဆိုးဖြင့်ကျော်ကြားသောပျူစောထီးခေါင်းဆောင် ချမ်းမြေ့အပါအဝင် ရှစ်ဦးထက်မနည်းဒဏ်ရာရပြီး လေး ဦးသေဆုံးသွားကြောင်း မြို့ခံများကပြောသည်။
” ပန်းသာစခန်းရောပျူဂိတ်ကိုပါ ဗျူဟာမြောက်တိုက်ခိုက်တာနေမယ်။ ပျူစောထီး လေးယောက်သေတာအတည်ပြုနိုင်တယ်”ဟု တမူးမြို့ခံတစ်ဦးက People’s Spring သိူ့ပြောသည်။
