▪︎နယ်စပ်မှတ်တိုင် ဘီပီ ၁၃ ရှိ စစ်ကောင်စီတပ်စခန်းစခန်းကိုစွန့်ခွာ၊ မယ်စဲ့သို့အင်အားဖြည့်နေ၍ တိုက်ပွဲပြင်းထန်နိုင်ဟုဆို
“အုပ်ချုပ်ရေးအဖွဲ့တွေ၊ထွေအုပ်တောင်(စစ်ကောင်စီဝန်ထမ်းများ) စစ်ရှောင်ဖြစ်သွားပြီလို့ ပြောတယ်” -ကရင်နီစစ်ဘက် သတင်းရင်းမြစ်
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကရင်နီ ပူးပေါင်းတပ်များက ဇွန်လ ၁၃ရက်တွင် စစ်ကောင်စီ တပ်စခန်းများနှင့် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိပြီး ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်သည့် စစ်ကောင်စီတပ်သား ၁၁ဦး ခန့် ရှိသည်ဟု သတင်းရရှိကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ပထမတော့ ၇ယောက်လို့ပြောတယ်နောက်ပိုင်း ၁၁ယောက်လို့ပြောတယ်။ဟိုတနေ့က တိုက်ပွဲဖြစ်တော့ သူတို့ တပ်စခန်းမှာ မနေရဲဘဲထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေဖြစ်တယ်” ဟု ၎င်းကရှင်းပြသည်။
ထို့အပြင် ယနေ့ (ဇွန် ၁၆) ညနေပိုင်းတွင်မြန်မာ-ထိုင်းနယ်စပ်မယ်စဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း တစ်ခုမှ စစ်ကောင်စီတပ်သားများလည်း စခန်းကို စွန့်ခွာသွားသည်ဟုသိရသည်။
“ဒီနေ့ညနေမှာဘီပီ – ၁၃ စခန်းက အကုန်လုံးထွက်ပြေးပြီ ပြောတယ်။ သူကလက်နက်ကြီးကုန်းတစ်ကုန်းရှိသေးတယ်။
ဘီပီ ၁၃ကနေ လက်နက်ကြီး ကုန်းကို ဆုတ်ပြေးသွားတာ” ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင်စစ်ကောင်စီတပ်ကမယ်စဲ့မြို့နယ်ဘက်သို့စစ်အင်အားများ ဖြည့်တင်းနေသည်ဟုလည်းသိရသည်။ ယခင်က တိုက်ပွဲပြင်းထန်ခဲ့သည့် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးရွာအနီးရှိစစ်ကောင်စီတပ်များကို မယ်စဲ့ဘက်သို့ ရွှေ့လာခြင်းဖြစ်သည်ဟုသိရသည်။
“နောက်တစ်ရက်၊နှစ်ရက်တိုက်ပွဲထပ်ပြင်းမယ်”ဟုကရင်နီ စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၁၃ရက် စခန်းသိမ်းတိုက်ပွဲများအပြီး စစ်ကောင်စီတပ်က လေကြောင်း မှတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာတွင် စစ်ကောင်စီ ဝန်ထမ်းများ (Non-CDM များ )နေထိုင်သော ဝန်ထမ်းအိမ်ယာများပင် ထိမှန်ခဲ့ခြင်းကြောင့် စစ်ကောင်စီဝန်ထမ်းများလည်း ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေကြရသည်ဟုဒေသခံအချို့ကပြောသည်။

“ဝန်ထမ်းတွေက ကျန်းမာရေးဝန်ထမ်းတို့ပညာရေးဝန်ထမ်းတို့ Non CDMတွေ။ အုပ်ချုပ်ရေးအဖွဲ့တွေ ထွေအုပ်တောင် စစ်ရှောင်ဖြစ်သွားပြီလို့ ပြောတယ်။” ဟု ကရင်နီ စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲများကြောင့်ဒေသခံပြည်သူများမှာထိုင်းနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်နေကြရာ ဇွန် ၁၅ ရက်အထိ့စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများကဖော်ပြသည်။လတ်တလောတွင် ထိုင်းနိုင်ငံ ၊မယ်ဟောင်ဆောင်၌ ထိုင်းအာဏာပိုင်များကသတ်မှတ်ထားသောနေရာတွင် ခိုလှုံနေကြရခြင်းဖြစ်သည်။

မယ်စဲဒေသ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှသေဆုံးသူများ၊ ဒဏ်ရာရသူများရှိသကဲ့သို့ ဘေးလွတ်ရာသို့ ထွက်ပြေးသူများလည်းရှိပြီး ယခုအခါအဆိုပါ စခန်းသိမ်းတိုက်ခိုက်ခံရသည့် တပ်စခန်းများ၌ စစ်ကောင်စီတပ်သားများ ကုန်ပြီဟု မြေပြင်တပ်မှူးက ပြောကြောင်းကရင်နီ စစ်ဘက်သတင်းရင်းမြစ်ကဆိုသည်။
“အခုကတော့ အလစ်ဝင်တိုက်တာ။နောက်ပြီးစခန်းတိုင်း တိုက်ပွဲအကြီးကြီး မဖြစ်ဖူးဘူး။ သူတို့(စစ်ကောင်စီတပ်သားများ)လည်း ပေါ့ပေါ့တန်တန် နေတာမထင်မှတ်တဲ့အနေအထား ။ကျနော်တို့ဘက်ကလည်း အင်အားတွေ စုပြီးတော့မှ လုပ်တဲ့ပွဲဆိုတော့ သူတို့ ရှိတဲ့အင်အားနဲ့သူတို့လည်း အထိနာတာပေါ့” ဟု ကရင်နီ စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် မယ်စဲ့မြို့ထဲသို့ စစ်ကောင်စီတပ်အချို့ ရောက်ရှိနေပြီဖြစ်ကြောင်း၎င်းကဆက်ပြောသည်။
