စစ်ကိုင်းတိုင်း တမူးမြို့ ကွန်းတောင်းကျေးရွာတွင် မတ်လ ၁၇ရက်ကဖြစ်ပွားသော စစ်ကောင်စီနှင့် တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့မှ ABSDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။
ကွန်းတောင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ရဲ၊ ပျူစောထီးများကို သွားရောက်တိုက်ခိုက်စဉ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး( ABSDF) တပ်ရင်း (၅) တပ်ခွဲ – ၁ မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ခြင်းဟု သတင်းရရှိသည်။
“ စခ၊ရခ(စစ်ကောင်စီ)စခန်းနဲ့ အပြန်အလှန်ပစ်ခတ်ရင်းထိသွားတာပါ။ ရဲဘော်လေးက အသက် ၂၀ပဲရှိပါသေးတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ကျဆုံးခဲ့သူမှာ ရဲဘော်နေအောင်ဆိုသူ ဖြစ်သည်။ရဲဘော်နေအောင်အပါအဝင် တမူးမြို့နယ်အတွင်း စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၆ဦး ရှိပြီဟု တမူးခရိုင် တပ်ရင်း(၁)မှ သတင်းရရှိသည်။
“ အာဏာရှင်ကိုတော်လှန်ရင်းအသက်ပေးသွားတဲ့ရဲဘော်နေအောင်ကို တမူးနွေဦးသူရဲကောင်းအဖြစ်လေးစားလျှက်အလေးပြုပါတယ် ။စစ်မိစ္ဆာအာဏာရှင် အမြစ်ပြုတ်သည်အထိ မပြီးဆုံးသေးတဲ့ တော်လှန်ရေးအတွက် ကျရာကဏ္ဍကနေ ပူးပေါင်းပါဝင်ပါမယ်” ဟု စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ်(၇)၊ တမူးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေးက ပြောသည်။
ကွန်းတောင်းရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို မတ်လ ၁၄ရက်ကလည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့သေးသည်။ အဆိုပါတိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ကြောင်း ABSDF က သတင်းထုတ်ပြန်သည်။
