ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားနေပြီး ပိုမိုပြင်းထန်လာနိုင်ကြောင်းဖားဆောင်း PDF က ယနေ့ထုတ်ပြန်သည်။
ယမန်နေ့(ဇွန် ၁၆ ရက်) ကဖားဆောင်းမြို့နယ်၊သံလွင်မြစ်အရှေ့ဖက်ခြမ်းတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟုသိရသည်။

“မယ်စဲ့မြို့ တိုက်ခံရပြီးတဲ့နောက်မှာ ဖားဆောင်းဘက်မှာ တိုက်ပွဲကူးဆက်သွားတာလို့ပဲ ယေဘုယျ ပြောလို့ရတယ်။နောက်ပြီး စကစ ဘက်က ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို ထိုးနေတဲ့ တပ်တချို့ကို ဘောလခဲ ဘက် ပြန်ရွှေ့ထားတယ်။စစ်ရေးအရ လိုသလို တပ်ရွှေ့နိုင်ဖို့ ဖြစ်နိုင်တယ်။နောက်တစ်ခုက အခု ဘောလခဲ ဘက်ကပါ အင်အား ၂၀၀ လောက်နဲ့ ဖားဆောင်းဘက် ကို စကစ က အင်အားတိုးထားတယ်”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်တစ်ဦးက People’s Spring သို့ပြောသည်။
ထို့အပြင် ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ တို့ အခြေစိုက်တပ်များရှိသည်။
ဇွန်လ ၁၃ ရက်က မယ်စဲ့မြို့ရှိစစ်ကောင်စီ စခန်း ၃ ခုနှင့် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ဖားဆောင်းမြို့သို့ ဇွန် ၁၅ ရက် နေ့လည်ပိုင်း ကစ၍ စစ်ကောင်စီက အင်အား ဖြည့်တင်းနေခြင်းဖြစ်သည်။
လက်ရှိ စစ်ရေးအခြေအနေကြောင့် ပြည်သူများအနေဖြင့် ဖားဆောင်းသံလွင်အရှေ့ဖက်ခြမ်ကိုသွား လာခြင်းမပြုရန်နှင့် မြို့နယ်အတွင်းသတိထားသွားလာရန် ဖားဆောင်း PDF က တိုက်တွန်းသည်။
