တိုက်လေယာဉ် အဟောင်းတွေကို ဒေါ်လာ သန်းပေါင်းရာနဲ့ချီ ပေးဝယ်ခဲ့တဲ့ ကိစ္စကို အင်ဒိုနီးရှားက အစိုးရက အတည်ပြုခဲ့ပြီး ဝေဖန်မှုတွေနဲ့ ပတ်သက်လို့လည်း ကာကွယ် ပြောကြားသွားပါတယ်။
အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးဌာနက Mirage 2000-5 အမျိုးအစား တိုက်လေယာဉ် ၁၂ စီးကို ကာတာဆီကနေ ဒေါ်လာ သန်း ၈၀၀ နီးပါးနဲ့ ဝယ်ယူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဒီအရောင်းအဝယ်ဟာ ပြည်တွင်းမှာ အတော်လေး ဝေဖန်ခံနေရပြီး တိုက်လေယာဉ် အဟောင်းတွေကို ဘာကြောင်း စျေးကြီးပေးပြီး ဝယ်ယူရသလဲ ဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ မြင့်တက်နေပါတယ်။
အတိုက်အခံ လွှတ်တော်အမတ်တွေက အဲဒီ Mirage တိုက်လေယာဉ်တွေဟာ ပေးရတဲ့စျေးနဲ့ မတန်အောင် ဟောင်းနွမ်း အိုမင်းနေပြီလို့လည်း ပြောပါတယ်။ အင်ဒိုနီးရှားဟာ လေယာဉ် ၁၂ စီးအတွက် ယူရို ၇၃၃ သန်း၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၇၉၂ သန်း ပေးချေခဲ့ရကြောင်း သိရပါတယ်။
ဇန်နဝါရီမှာ ချက် ကာကွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Excalibur Internationalနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ တိုက်လေယာဉ်တွေကို ၂၄ လအတွင်း အင်ဒိုနီးရှားဆီ အပြီးအစီး ပို့ဆောင်ရမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံရဲ့ ခေတ်နောက်ကျပြီး သက်တမ်းရင့်လာတဲ့ တိုက်လေယာဉ်တွေ နေရာမှာ အဆင့်မြှင့်တင် အစားထိုးဖို့အတွက် အခုနည်းလမ်းက အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဖြစ်တယ်လို့ ကာကွယ် ပြောကြားထားပါတယ်။
Mirage 2000-5တွေထဲက ၉ စီးဟာ တစ်ယောက်စီး အမျိုးအစားဖြစ်ပြီး နောက်ထပ် ၃ စီးကတော့ နှစ်ယောက်စီး တိုက်လေယာဉ်တွေ ဖြစ်မယ်လို့လည်း ဆိုပါတယ်။
လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ တူဘာဂူစ် ဟာဆာနူဒင်ကတော့ တစ်ပတ်ရစ် တိုက်လေယာဉ် အဟောင်းတွေကို ကတိုက်ကရိုက် ဝယ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုမှ နားမလည်နိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ပါတယ်။
လေယာဉ်တွေကို ထုတ်လုပ်တဲ့ ပြင်သစ် ကုမ္ပဏီ Dassault Aviationရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ Mirage 2000-5 အမျိုးအစား လေယာဉ်တွေကို ၁၉၆၇ ခုနှစ်မှာ ပထမဆုံး စတင် ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အခု ဝယ်ယူမယ့် တိုက်လေယာဉ်တွေရဲ့ သက်တမ်းကို ကြေညာမထားပါဘူး။
ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အက်ဒ်ဝင် အက်ဒရီယာန် ဆူမန်သာကတော့ အင်ဒိုနီးရှား လေတပ်ဟာ တိုက်ပွဲဝင်အဆင့် အသင့်အနေအထား ရှိနိုင်မယ့် တိုက်လေယာဉ်တွေ ပိုင်ဆိုင်မှု လျော့ကျလာတာကို အမြန်ဆုံး ပြင်ဆင် အစားထိုးဖို့ လိုအပ်နေကြောင်း ပြောပါတယ်။
အင်ဒိုနီးရှား လေတပ်ဟာ သက်တမ်းရင့်နေပြီဖြစ်တဲ့ အမေရိကန်လုပ် F-16နဲ့ ရုရှားလုပ် SU-27၊ SU-30 တိုက်လေယာဉ် အဟောင်းတွေ နေရာမှာ အစားထိုးဖို့ ကြိုးစားနေပေမယ့် Mirage 2000-5တွေ မှာယူလိုက်တဲ့ ကိစ္စက ကျိုးကြောင်းဆီလျော်မှု မရှိသလို ဖြစ်နေပါတယ်။
အစောပိုင်းမှာ အင်ဒိုနီးရှားဟာ F-5 Tiger ဂျက်တိုက်လေယာဉ်တွေကို ရုရှားလုပ် SU-35တွေနဲ့ အစားထိုးဖို့ ကြိုးစားခဲ့ပေမယ့် ရုရှားအပေါ် အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် အဲဒီအစီအစဉ်အပေါ် နှောင့်နှေးမှုတွေ ကြုံစေခဲ့ကြောင်းလည်း သိရပါတယ်။
