Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီကနိုင်ငံတဝန်းပြည်သူနေအိမ် ခြောက်သောင်းကျော်ကိုမီးရှို့ဖျက်ဆီးထားဟု Data For Myanmar ထုတ်ပြန်

စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မဟာဗျူဟာဟု မကြာခဏပြောဆိုကာ လုပ်ဆောင်ခြင်းဖြစ်သော်လည်း ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ခြင်းမရှိသလို ထောက်ခံမှုလည်း မရှိကြောင်း ဒေသခံအချို့က ပြောသည်။

(စစ်တပ်က မတ် ၁၇ ရက်တွင်မီးရှို့ဖျက်ဆီးခဲ့​သော ဝက်လက်မြို့နယ်၊ သမ္မာရိုးစံပြကျေးရွာနှင့် မတ် ၁၅ ရက်ကမီးရှို့ဖျက်ဆီးခဲ့​သည့် မုံရွာမြို့နယ် ထ​နောင်​တော​တောင်ရွာ တို့ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ -စွမ်းလင်းထက်နှင့် မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး အဖွဲ့သားများ)
(စစ်တပ်က မတ် ၁၇ ရက်တွင်မီးရှို့ဖျက်ဆီးခဲ့​သော ဝက်လက်မြို့နယ်၊ သမ္မာရိုးစံပြကျေးရွာနှင့် မတ် ၁၅ ရက်ကမီးရှို့ဖျက်ဆီးခဲ့​သည့် မုံရွာမြို့နယ် ထ​နောင်​တော​တောင်ရွာ တို့ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ -စွမ်းလင်းထက်နှင့် မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး အဖွဲ့သားများ)

▪︎စစ်တပ်က နိုင်၍ရှို့ခြင်းမဟုတ်ဘဲ ရှုံး၍၊ ထောက်ခံမှုမရ၍ ရှို့ခြင်းဖြစ်ကြောင်း တော်လှန်ရေးရဲဘော်ပြော

စစ်အာဏာသိမ်းကာလအတွင်းစစ်ကောင်စီနှင့်လက်အောက်ခံအဖွဲ့အစည်းများက နိုင်ငံတဝန်းမီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data For Myanmar က ယမန်နေ့တွင် ထုတ်ပြန်သည်။

အထက်ပါ အရပ်သားပြည်သူ နေအိမ်ပေါင်းခြောက်သောင်းကျော် ပျက်စီးဆုံးရှုံးမှုသည် ဖေဖော်ဝါရီ ၂၈ ရက်အထိ ရေတွက်ကောက်ယူထားခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ၄၇,၇၇၈ လုံး၊ မကွေးတိုင်းတွင် ၉,၀၁၉ လုံး၊ ချင်းပြည်နယ်တွင် ၁,၄၈၅ လုံးနှင့် ကျန်ပြည်နယ်နှင့် တိုင်းများတွင် ၂,၁၇၇ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြသည်။

ယခု မတ်လထဲတွင်လည်း စစ်အုပ်ချုပ်ရေးကြေညာသတ်မှတ်ထားသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ တိုးမြှင့်လုပ်ဆောင်လာသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မတ်လ ၁၇ ရက်ကပင် ဝက်လက်မြို့နယ် သမ္မာရိုးစံပြကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်အကြမ်းဖက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၂၆၉ အိမ်နှင့်ဘုန်းကြီးကျောင်းတစ်ကျောင်းကို ပြာကျ​စေခဲ့ပြီး အဘွားအိုတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်သွားကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

“အကြောက်တရားနဲ့အုပ်ချုပ်ပြီး ပြည်သူလူထုဆင်းရဲအောင်လုပ်တာ။ ဆင်းရဲရင် နိုင်ငံရေးဘက်ကို မလှည့်နိုင်ဘူး။ ထောက်ပံ့မှုမလုပ်နိုင်ဘူး။ ထောက်ခံမှုမလုပ်နိုင်ဘူး။ အကြောက်တရားသွင်းပြီး အုပ်ချုပ်ချင်လို့ ရက်ရက်စက်စက် လုပ်တာ။ အဓိက,က သူတို့ကို ထောက်ခံမှုမရှိလို့ လုပ်တာပဲ”ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဂျိန်းစ်ဘွန်းက ပြောသည်။

ဆက်လက်ပြီး “ဒီမိဘဘိုးဘွားလက်ထက်ကတည်းက စုဆောင်းထားတဲ့ နှစ်ပေါင်း ရာနဲ့ချီ၊ ၇၀၊ ၆၀ စုဆောင်းထားတဲ့ ဒီအိမ်၊ ဒီယာလေးတွေက ဒါလေးတွေက သူတို့၊ ကျွန်တော်တို့ ဘဝတွေပဲဟာ ဒါတွေကို မီးရှို့ဖျက်ဆီးမှတော့ ဘယ်သူကျေနပ်မှာလဲ။ ဘယ်လိုမှလည်း ကျေနပ်နိုင်စရာအကြောင်းမရှိဘူး တစ်သက်လုံး” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မဟာဗျူဟာဟု မကြာခဏပြောဆိုကာ လုပ်ဆောင်ခြင်းဖြစ်သော်လည်း ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ခြင်းမရှိသလို ထောက်ခံမှုလည်း မရှိကြောင်း ဒေသခံအချို့က ပြောသည်။

“ပြည်သူ့စစ်မဟာဗျူဟာကျဆုံးပြီး မကြာခင် စစ်အာဏာရှင်တွေ ပြုတ်ကျဖို့ အလားအလာအကောင်းဆုံးအချိန်ပဲ။ ဒါ နိုင်လို့ ရှို့တာမှမဟုတ်တာ ရှုံးလို့ရှို့တာပဲ။ သူတို့ ထောက်ခံမှုမရှိလို့ ရှို့တာ”ဟု တော်လှန်ရေးရဲဘော် ကိုဂျိန်းစ်ဘွန်းက ပြောသည်။

Facebook

You May Also Like

သတင်း

"စဥ့်ကူးမြို့နယ်အတွင်းက စစ်သားနဲ့ရဲတွေပါ။ ၄၀ လောက်ပါတယ်။ ရွှေလုပ်ကွက်ကိုလာကြည့်တဲ့သူတွေပါ။ သူတို့ပစ်လိုက်လို့ PDF တစ်ဦး ကျည်ထိတယ်ဆိုပြီး ပြည်သူတွေကို ပေါင်ပြခိုင်းပြီး စစ်ဆေးသွားသေးတယ်။"ဟု ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

သတင်း

မတ်လ ၁၀ရက်က ကျင်းပခဲ့သည့် အပတ်စဉ် (၅၀) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား၌ CNA စစ်ဦးစီးချုပ်က ပြောကြားခဲ့သည့် မိန့်ခွန်းရုပ်သံကို Chinland Information Centerက ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဒုဗိုလ် တစ်ဦးနှင့် ဒုအရာခံဗိုလ် တစ်ဦးအပါအဝင် ၃၁ဦးသေဆုံးပြီး ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ရခိုင်ပြည်နယ်၌ ALDပါတီ ၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ဒေါက်တာအေးမောင်၏ ရခိုင်ဦးဆောင်ပါတီ(AFP) ပါတီများရှိရာ ယင်းအနက် AFPသည် ပါတီမှတ်ပုံတင်ပြီးဖြစ်သည်။