ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၉ ရပ်ကွက်မှာ ဒီနေ့နေ့လယ်ပိုင်း က ရဲတပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့ မိတ္တူ ကူးနေချိန် ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံးသွားတယ်လို့ စစ်ကောင်စီဘက်က ဆိုလာပါတယ်။
ဒီနေ့ နေ့လယ်ပိုင်း ၁၂ နာရီ ၅ မိနစ်ခန့်က ပစ်ခတ်မှုဖြစ်ပွားတာပါ။
သာကေတမြို့နယ် ၊ ၉ ရပ်ကွက် ၊ ခရိုင် မီးသတ်ရုံးဘေးလမ်းက မိတ္တူဆိုင်မှာ ရဲတပ်ဖွဲ့ဝင် ၃ ဦး အရပ်ဝတ်နဲ့ မိတ္တူ ကူးနေချိန်အမျိုးသား ၂ ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ်ခတ်သွားတာလို့ စစ်ကောင်စီရဲ့သတင်းမှာတွေ့ရပါတယ်။

သာကေတရဲစခန်းက ရဲတပ်ကြပ် စောလေးဖော ၊ ရဲတပ်ကြပ် စိုးဝင်းနိုင် တို့ ဟာ ကို အောင်ထက်ဆိုတဲ့အမျိုးသားကို ရဲတပ်သားသစ်စာရင်းသွင်းဖို့ မိတ္တူဆိုင်မှာ စာရွက်စာတမ်း ပြင်နေချိန် ပစ်ခတ်ခံရတာပါ။
၃ ဦးလုံး ဦးခေါင်းကို ပစ်ခံရတာဖြစ်ပြီး ရဲတပ်ကြပ်စောလေးဖောနဲ့ ကိုအောင်ထက်တို့ဟာ နေရာမှာတင် သေဆုံးခဲ့ပြီး ရဲတပ်ကြပ် စိုးဝင်းနိုင်လည်းအခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအပြီးမှာတော့ သာကေတမြို့နယ်က နေရာအချို့ကို ပိတ်ဆို့စစ်ဆေးတာတွေ စစ်ကောင်စီတပ်က လုပ်ခဲ့တယ်လို့ သာကေတမြို့နယ်မှာနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
ဒီပစ်ခတ်မှုကိုဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကို ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။
