မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)ဝန်းအတွင်းရှိ ရဟတ်ယာဉ်ကွင်းနှင့် အရာရှိအိမ်ယာတို့ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် KNDO တို့ကဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖနှင့် ဒေသခံများထံမှသိရသည်။
မတ်လ ၁၆ ရက် ည၉နာရီ ၇မိနစ်မှ ၉နာရီ ၄၀မိနစ်ကြားတွင်ဒရုန်းဖြင့် သုံးကြိမ်ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိသည်။
“ လေယာဉ်ကွင်းဘက်ကနေပေါက်ကွဲသံကြားတယ်။ တော်တော်လည်း ကျယ်တယ်။သေနတ်သံလည်း ကြားလိုက်တယ်။ စစ်တပ်ဝင်းထဲဆိုတော့ ဘာသတင်းမှတော့ ထွက်မလာဘူး” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် လေယာဉ်ကွင်း သည်ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘုရားသုံးဆူနှင့်ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွဒေသ ဘက်သို့ စစ်တပ်ကလေကြောင်းမှ တိုက်ခိုက်ရာတွင်အသုံးပြုနေသောကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းမော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက ယနေ့(မတ် ၁၇)တွင်ထုတ်ပြန်သည်။

ဒရုန်းငါးစီးဖြင့် တိုက်ခိုက်ရန်စီစဉ်ထားသော်လည်း လုံခြုံရေးအရ ဒရုန်းသုံးစီးဖြင့်သာ တိုက်ခိုက်ခဲ့ရပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တိုက်ခိုက်ချိန်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း ရဟတ်ယာဉ်ကွင်း၌ ရဟတ်ယာဉ်နှစ်စင်းရှိနေသည်ဟု ပါရှိသည်။
အထက်ပါတိုက်ခိုက်မှုကို KNDO တပ်ဖွဲ့ဝင်များနှင့် ရှာထူးဝေါ်ဒရုန်းနည်းပညာတပ်ဖွဲ့၊ ကျိုက်မရောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းအသိပေးထားသည်။
“ တိုက်ခိုက်ခံရမှုကဖြစ်ခဲ့တယ်ဗျ။ တိုင်းစစ်ဌာနချုပ်ဆိုတော့ သတင်းကို ဖုံးဖိထားတာ” ဟု မော်လမြိုင်မြို့မှ ဌာနဆိုင်ရာအရာရှိတစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင်ထိခိုက်ပျက်စီးမှုရှိ ၊မရှိကို People’s Spring ကအတည်မပြုနိုင်သေးပါ။
သို့သော်တိုက်ခိုက်ခံရပြီးနောက် မတ်လ၁၇ ရက်တွင် ရတခ အတွင်းစစ်သားများခြေရှုပ်နေပြီး မော်လမြိုင်မြို့တွင်လုံခြုံရေးမြှင့်ထားကြောင်းလည်းဒေသခံအချို့ကပြောသည်။
စစ်ကောင်စီတပ်သည် ယနေ့ (မတ်လ ၁၇ရက်) နံနက်ပိုင်းတွင် ရေးမြို့နယ် အစင်/ဇီးဖြူတောင်ကမ်းခြေမှတဆင့် စစ်ရေယာဥ်သုံးစင်းဖြင့် ခေါ်ဆောင်လာသည့် တပ်ဖွဲ့ဝင်အများအပြား အင်အားတိုးနေကြောင်းမော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက အသိပေးထားသည်။
