စစ်တပ်ရဲ့ စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်မှာ ဝါဒဖြန့် လက်ကမ်းစာစောင်တွေကို တက္ကသိုလ်ဝင်တန်းဖြေဆိုကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေထံ ဖြန့်ဝေတာတွေ အာဏာသိမ်းစစ်ကောင်စီက လုပ်ဆောင်ခဲ့ပါတယ်။
ဒီလို စစ်တပ်ကောင်းကြောင်း ဝါဒဖြန့် စာစောင်တွေဖြန့်ဝေတာကို စစ်ကောင်စီ က သတင်းဓာတ်ပုံတွေနဲ့ ထုတ်ပြန်ထားပါတယ်။
စာမေးပွဲဖြေပြီးထွက်လာတဲ့ ကျောင်းသူ ၊ကျောင်းသားတွေထံ အဲဒီဝါဒဖြန့် စာစောင်တွေ ကမ်းနေတာကို သတင်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
ကျောင်းသားလူငယ်တွေ တပ်မတော်နေ့ အကြောင်းအရာတွေ ကျယ်ကျယ်ပြန့်ပြန့်သိဖို့ လက်ကမ်းစာစောင်ဖြန့်ဝေရတာလို့လည်း ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းတဲ့ စစ်ကောင်စီက အကြောင်းပြထားတာတွေ့ရပါတယ်။
အဲဒီလက်ကမ်းစာစောင်မှာ တပ်မတော်ရဲ့အား ၁၀ ပါး ၊ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်း တွေကို ထည့်သွင်းပုံနှိပ်ထားတယ်လို့သိရပါတယ်။
ဒါအပြင် လက်ရှိမှာ မတရားထောင်သွင်းအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေကိုပါ အာဏာသိမ်း စစ်ကောင်စီက လက်ကမ်းစာစောင်တွေမှာဖော်ပြထားပါသေးတယ်။
ဒီလို လက်ကမ်းစာစောင်တွေကို နေပြည်တော် အပြင် အခြားသော ဒေသတွေမှာပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေတဲ့အချိန်မှာ စစ်ကောင်စီကဖြန့်ဝေခဲ့တာတွေ့ရပါတယ်။
