▪︎ဖားကန့်တွင်စစ်ကောင်စီက တော်လှန်ရေးအင်အားစုနှင့်ပြည်သူများကိုဆက်တိုက်ဖမ်းဆီးနေ၍ KIA ကစစ်တပ်အားအရှိန်မြှင့်တိုက်ခိုက်ပေးရန်ဒေသခံများတောင်းဆို
ဖားကန့်တွင်KIAတပ်ရင်း(၆) ဒုတိုက်နယ်မှူးတန်ဆန်း၏ နေအိမ်ကို ယနေ့(မတ်လ ၁၅ရက်) နံနက် ဝေလီဝေလင်းအချိန်တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ နေအိမ်ရှိပြည်သူငါးဦးကို ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း(၆) ဒုတိယတိုက်နယ်မှူးတန်ဆန်း၏ နေအိမ်ဟုဆိုသောဖားကန့်မြို့၊ မှော်မောင်းလျန်ရပ်ကွက်မှနေအိမ်တစ်လုံးကိုစစ်တပ်က ယနေ့ နံနက် ၅နာရီ ၂၀ မိနစ်တွင်အင်အားအများအပြားဖြင့် ဝင်စီးနင်းခဲ့ခြင်းဟု မှော်မောင်းလျန်ဒေသခံများကပြောသည်။
” ဒုတိယတိုက်နယ်မှုး တန်ဆန်းလွတ်မြောက်သွားပါတယ်။ အဲ့ဒီအိမ်ထံကကချင်တိုင်းရင်းသားငါးဦးကိုရိုက်နှက်ဖမ်းဆီးသွားတယ်။ အိမ်ထဲက ကွန်ပြူတာတွေရော ကားတွေပါ သိမ်းသွားတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူများမှာ ကိုဒွဲဂျာ၊ကိုလအောင်၊ နော်လီ၊ဂွမ်ထန်နော်အောင်၊ဆွတ်လွတ်နော်လတ်တို့ဖြစ်ကြောင်း People’s Spring သတင်းဌာနက စုံစမ်းသိရှိရသည်။
ဖားကန့်တွင် မတ်လ ၁၁ရက်နေ့ကလည်း ကချင်ရိုးရာယဉ်ကျေးမှုရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးနောက် KIOအရာရှိအချို့အပါအဝင် ရုံးအတွင်းရှိနေသူဆယ်ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဖားကန့်တွင်စစ်ကောင်စီတပ် ဖမ်းဆီးမှုများဆက်တိုက်ပြုပြုလုပ်နေပြီး KIAမှတာဝန်ရှိသူများအနေဖြင့် မြေပြင်အခြေအနေကို ပိုမိုလေ့လာပြီး စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ပေးရန် ဒေသခံပြည်သူများကတောင်းဆိုသည်။
“ KIA အနေနဲ့ အရှိန်မြှင့်ပြီး တိုက်ပွဲဖော်ဆောင်ဖို့လိုပြီ။ အဲ့လိုမလုပ်ရင်တော့ မြေပြင်မှာအကုန်အဖမ်းခံရတော့မယ်” ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည်ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ရက်မှ ဖေဖော်ဝါ ၁၅ရက်အတွင်း တော်လှန်ရေးအင်အားစုများအပါအဝင် အရပ်သား နှစ်ရာထက်မနည်းကို ဖမ်းဆီးခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဖမ်းဆီးခံရသူအများစု ပြန်လွတ်လာသော်လည်း အချို့သည် အဆက်အသွယ်ပြတ်တောက်နေသည်။ဖားကန့်မြို့နယ်တွင်စစ်ကောင်စီက ယခုရက်ပိုင်း ဖမ်းဆီးသွားသူများတွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်မာမာအေးလည်းပါဝင်ခဲ့သည်။
