ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်ယာဉ်လေးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
KIA အမှတ်(၁) တပ်မဟာ၊ အမှတ်(၄) တပ်ရင်းနယ်မြေ Marawng Zup အနီးတွင် မတ်လ ၉ရက် ညနေ ၄နာရီခွဲတွင် စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းကို KIA တပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြစ်ကြီးနားမြို့မှ စစ်ယာဉ် လေးစီးဖြင့် အင်အား ၇၀ကျော်ပါ ယာဉ်တန်းသည် လက်နက်ခဲယမ်းများ ရိက္ခာများ ဖြည့်တင်းကာ KIA နယ်မြေဘက် စစ်ရေးလှုပ်ရှားလာ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထိခိုက်သေဆုံး အခြေအနေကို ဖော်ပြမထားသော်လည်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုရှိခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းနေ့ ညနေပိုင်း၌ပင် KIAအမှတ်(၉)တပ်မဟာ၊ အမှတ် (၂၆)တပ်ရင်းနယ်မြေ ချောင်း၀နှင့် နမ့်မှော်ကြား ကလပ်ကုန်းကျေးရွာအနီး ချောင်း၀ပြည်သူ့စစ်စခန်းတွင် လာရောက် စခန်းချနေထိုင်သည့် စစ်ကောင်စီ၏ ခလရ(၄၂)တပ်မှ အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
KIA တပ်နှင့် အကြမ်းဖက်စစ်ကောင်စီ တပ်အကြား တိုက်ပွဲများဆက်တိုက်ဆိုသလို ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲပြင်းထန်နေ၍ မတ်လ ၁၀ရက် နံနက် ၁နာရီခန့်တွင် တံတားဦးလေတပ်စခန်းမှ စစ်ကောင်စီ တိုက်လေယာဉ် နှစ်စီးဖြင့် KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)နယ်မြေဘက် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်မှု၌ နေအိမ်အချို့ ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိဟု အသိပေးထားသည်။
