၉၅ ကြိမ်မြောက် ဟောလိဝုဒ် ရုပ်ရှင် ထူးချွန်ဆု အော်စကာ ဆုနှင်းသဘင်ကို ကျင်းပ ပြီးစီးခဲ့တဲ့နောက် အများမျှော်လင့်ထားတဲ့အတိုင်း အာရှတိုက်က ရုပ်ရှင် သရုပ်ဆောင်တွေနဲ့ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီတွေ အခြေအနေ ကောင်းခဲ့တာ တွေ့ရပါတယ်။
အထူးသဖြင့် အာရှ သရုပ်ဆောင်တွေ အဓိက ဦးဆောင် ပါဝင်ထားတဲ့ Everything Everywhere All at Once ဇာတ်ကားဟာ အခုနှစ် အော်စကာ ဆုပေးပွဲမှာ အရေးပါတဲ့ ဆုအများစုကို သိမ်းကြုံး ရယူသွားနိုင်ခဲ့ပါတယ်။

အဲဒီရုပ်ရှင်ဟာ အကောင်းဆုံး ဇာတ်ကားဆုကို ရရှိခဲ့တဲ့အပြင် ပူးတွဲ ဒါရိုက်တာတွေ ဖြစ်ကြတဲ့ ဒန်နီရယ်လ်ကွမ်နဲ့ ဒန်နီရယ်လ် ရှိန်းနက်တို့ကလည်း အကောင်းဆုံး ဒါရိုက်တာဆုတွေ ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။
အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို The Whaleမှာ ပါဝင်ခဲ့တဲ့ ဝါရင့်မင်းသားကြီး ဘရန်ဒန် ဖရေဆာက ဆွတ်ခူးခဲ့ပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ကောင်ဆုကတော့ မလေးရှား-တရုတ်နွယ်ဖွား မင်းသမီးကြီး မီရှယ်လ်ယိုက Everything Everywhere All at Once ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှုတွေအတွက် ထိုက်ထိုက်တန်တန် ရယူသွားနိုင်ခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသားနဲ့ အမျိုးသမီး ဇာတ်ပို့ဆုတွေကိုလည်း Everything Everywhere All at Once ဇာတ်ကားက သရုပ်ဆောင်တွေပဲဖြစ်တဲ့ ကီဟွိုင်ကွမ်နဲ့ ဂျေမလီ ကားတစ်တို့က အသီးသီး ဆွတ်ခူးသွားတာ တွေ့ရပါတယ်။
အဲဒီဇာတ်ကားရဲ့ အဓိကဆုတွေ ရရှိမှုဟာ မရပ်တန့်နိုင်သေးဘဲ အကောင်းဆုံး မူရင်း ဇာတ်ညွှန်းဆုကိုလည်း ပူးတွဲ ဒါရိုက်တာ နှစ်ဦးကပဲ ထပ်မံ ဆွတ်ခူးသွားခဲ့ပြန်ပါတယ်။ ပြီးတော့ အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆုကလည်း အဲဒီ ဇာတ်ကား အတွက်ပဲ ဖြစ်ခဲ့ပါတယ်။

အကောင်းဆုံး Animation ရုပ်ရှင်ဆုကို Guillermo del Toro’s Pinocchio ဇာတ်ကားက ရရှိသွားပြီး စစ်ပွဲဆန့်ကျင်ရေး ဂျာမန် ရုပ်ရှင်ဇာတ်ကား တစ်ခုဖြစ်တဲ့ All Quiet on the Western Frontက အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဆု အပါအဝင် ဆုတချို့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အကောင်းဆုံး မူရင်း ဇာတ်ဝင်သီချင်းဆုကို အိန္ဒိယ ရုပ်ရှင်ဖြစ်တဲ့ RRRထဲက Naatu Naatuက ရရှိခဲ့ပြီး အသံပိုင်းဆိုင်ရာ အကောင်းဆုံး ဆုကိုတော့ Top Gun: Maverickက ရရှိခဲ့ပါတယ်။

အကောင်းဆုံး မိတ်ကပ်နဲ့ ဆံပင် ထုံးဖွဲ့မှုဆုကို The Whale၊ အကောင်းဆုံး ကင်မရာ လှည့်စားမှု အထူးပြုလုပ်ချက်တွေ ဆုကိုတော့ Avatar: The Way of Waterနဲ့ အကောင်းဆုံး ဝတ်စားဆင်ယင်မှု ဆုကိုတော့ Black Panther: Wakanda Forever ရုပ်ရှင်တွေက အသီးသီး ရရှိခဲ့ပါတယ်။
အခုနှစ် အော်စကာ ဆုပေးပွဲမှာ အောင်ပွဲခံခဲ့တဲ့ Everything Everywhere All at Once ဇာတ်ကားဟာ အခုဆိုရင် ဆုမျိုးစုံ ရရှိနေတာ ၁၀၆ ခုထိ ရှိလာပြီး သမိုင်းတလျှောက်မှာ ဆုအများဆုံး ရရှိထားတဲ့ ရုပ်ရှင်အနေနဲ့ မှတ်တမ်းဝင်လာခဲ့တယ်လို့လည်း သိရပါတယ်။
