စစ်ကြောင်းအား ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်မှုရှိဟုဆို
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ကင်းကျေးရွာ ဝင်စီးပြီး ပစ္စည်းများလုယက် ကာ ဒေသခံပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး ပြန်ထွက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (မတ်လ ၁၁ရက်) နံနက် ၅ နာရီ ၄၅မိနစ် ခန့်က မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှထွက် လာသော စစ်ကောင်စီတပ်သည် ကင်းကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်းမှ ပစ္စည်းများကို ခိုးယူသွားပြီး ပြည်သူတစ်ဦးကိုပါ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
“ စကစ အင်အား ၄၀လောက်ပါတယ်။ ကင်းရွာကနေ ရွှေတွေ၊ငွေတွေ ယူသွားတယ်။ အသတ်ခံရတဲ့ အမျိုးသားက အသက် ၃၀လောက်ပါ။ စစ်ကောင်စီတပ်သားတွေ ဝင်လာတဲ့အချိန် ရွာလယ်လမ်းမှာ သေဆုံးတဲ့အမျိုးသားနဲ့ ထိပ်တိုက်တွေ့ပြီး အစစ်ဆေးအမေးမြန်းမရှိဘဲ နေရာမှာပဲ ပစ်ခံလိုက်ရတာပါ။” ဟု Myaung Union Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ၎င်းတို့လာရာလမ်းအတိုင်း ပြန်လှည့်ရာတွင် ဒေသတွင်း ကျေးရွာတပ်ပေါင်းစုများနှင့် မဟာမိတ်အဖွဲ့များက ပဒေသာမိုင်း နှစ်ပွိုင့်ဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးနေရာမှာပင် လဲကျသွားကြောင်း၊ ထို့နောက် ဒဏ်ရာရရှိသူများနှင့် အလောင်းများကို ထမ်းပိုးသွားသည်ကို မျက်မြင်တွေ့ရှိရကြောင်း Myaung Union Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မတ်လ ၅ ရက်ကလည်း မြောင်မြို့နယ်ရှိ CDSOM တပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး အသုံးအဆောင်ပစ္စည်း အများအပြား ဆုံးရှုံးခဲ့ရသည်။
