စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဒေသခံပြည်သူများ၏နေအိမ်များအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (မတ်လ ၁၁ ရက်) မွန်းလွဲ ၁နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ ဟန်လင်းရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ပြည်သူများ၏နေအိမ်တစ်လုံးအား ဖျက်ဆီးနေစဉ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
အလားတူ ညပိုင်းတွင်လည်း စစ်အုပ်စုက နေအိမ်များအား ဖျက်ဆီးနေသည်ဟု သတင်းရ၍ ည ၇ နာရီ ၁၀ မိနစ်ခန့်တွင်လက်နက်ကြီးကျည် (၁၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊အမြောက်အများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အထက်ပါ စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေ မသိရသေးဘဲ ရဲဘော်များမှာမူ ထိခိုက်မှုမရှိကြောင်း Black Wolf-ARMYက အသိပေးထားသည်။
ဟန်လင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဝက်လက်နှင့်ရွှေဘိုနယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူများအားဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။
