ထီးချိုင့်-ကသာလမ်းပိုင်းတွင် အစီးရေ ၄၀ကျော်ပါသော စစ်ကောင်စီယာဉ်တန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုံးနေရာခွဲ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်း အထိနာခဲ့ကြောင်း ဒေသခံများကပြောသည်။
ထီးချိုင့်-ကသာလမ်းပိုင်းကျောက်ကြမ်းလမ်းအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့(မတ်လ ၁၀ရက်)ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။
” ဇီးကုန်းရွာရွာတောင်ကျော်မှာတစ်ခါ၊ မဲဟင်းရွာနဲ့နန့်အင်းရွာကြားမှာ တစ်ခါ၊ အဲ့ဒီရှေ့နားမှာတစ်ခါ မိုင်းဆွဲတာ။ ထိခိုက်မှု ရှိပေမယ့်ဒီကောင်တွေကအကုန်ကိစ္စဖျောက်(သဲလွန်စများကိုဖျောက်)သွားတာမို့ အတိအကျမပြောနိုင်ပါဘူး” ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကောင်စီစစ်တပ်သည် ထီးချိင့်မြို့နယ်အတွင်းမြေပြင်မှစစ်ကြောင်းထိုးနေသလို ကသာနယ်ဘက်ကိုလည်း အင်းအားအများအပြားဖြည့်တင်းနေသည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထောက်ပို့ရဲဘော်များကပြောသည်။
ထီးချိုင့်နယ်မှထွက်ခွာသွားသော စစ်ကောင်စီယာဉ်တန်းသည် ယနေ့( မတ်လ ၁၁ရက်) နေ့လည်တွင် ကသာမြို့နယ်ညောင်ခြေထောက်ရွာသို့ရောက်ရှိနေကြောင်းလည်းသိရသည်။
ကသာနှင့်ထီးချိုင့်နယ်စပ်တွင်လည်း ယခုရက်ပိုင်း တိုက်ပွဲများဖြစ်ပွားနေသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၇ရက်ကကသာမြို့နယ်ညောင်ခြေထောက်ရွာတွင် KIA နှင့် ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁) ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်က ၁၁ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက People’s Springသတင်းဌာနသို့ပြောသည်။
