ပဲခူးတိုင်း ကဝမြို့နယ်နှင့် ပေါင်းတည်မြို့နယ်တို့တွင်ပျူစောထီးခေါင်းဆောင်နှစ်ဦးကို နန်းထိုက်အောင်စစ်ဆင်ရေး အနေဖြင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်နှင့်ပဲခူးတိုင်းPDFကပြောသည်။
စစ်ကောင်စီနှင့်ပူးပေါင်း၍ ဈေးအတွင်းဆက်ကြေးကောက်နေ၍ ပြည်သူများကိုဒုက္ခပေးနေသောသကုန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် တင်မြင့်ကိုမတ်လ ၁၀ ရက် နံနက် ၇ နာရီခွဲတွင် သရက်ကုန်းဈေးအတွင်း သေနတ်ဖြင့်ပစ်၍ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်း PDF ကသတင်းထုတ်ပြန်သည်။
“ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဧည့်ခံကျွေးမွေးစရိတ်နဲ့ သရက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ ရံပုံငွေအတွက်စျေးဆိုင်တွေကနေနေ့စဥ်ဆက်ကြေးလိုက်ကောက်တာ။ကဝ ပကဖ က သေနတ် ငါးချက်နဲ့ ပစ်ခတ်ရှင်းလင်း ” ဟု ကဝဒေသမှသတင်းများကို ဖော်ပြနေသည့် Kawa Information မှတာဝန်ရှိသူက ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ People’s Spring သတင်းဌာနသို့ပြောသည်။

ပစ်ခတ်မှုကြောင့် ပျူခေါင်းဆောင်တင်မြင့်သည် နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ယခုအခါ သရက်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်ဟုဒေသခံအချို့ကပြောသည်။
တင်မြင့်သည် သရက်ကုန်းကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီဝင်များနှင့် ပူးပေါင်း၍ ပြည်သူကို ဒုက္ခပေးနေသူဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြားကျေးရွာများသို့ ဆိုင်ကယ်ဖြင့် လှည့်လည်ရာတွင် သေနတ်လွယ် ဆိုင်ကယ်မောင်း၍ နေ့ရောညပါ သတင်းပေးလမ်းပြပြုလုပ်ခဲ့သူဖြစ်သည်ဟုသိရသည်။
သရက်ကုန်းကျေးရွာဈေးနှင့် လောင်းကစားဒိုင်များမှ ဆက်ကြေးကောက်ခံ၍ စစ်ကောင်စီနှင့် အုပ်ချုပ်ရေးမှူးထံ ဆက်ကြေးပေးသွင်းခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သေနတ်ပစ်ဖောက်လေ့ကျင့်ခြင်း၊ ပြည်သူများအား ခြိမ်းခြောက်ဖိနှိပ်ငွေညှစ်ခြင်း၊ မတရားစွပ်စွဲ၍ ဖမ်းဆီးထောင်ချခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို စုံစမ်းပေးပို့ခြင်းစသည်တို့ကိုလုပ်နေသောကြောင့် ကဝမြို့နယ်ပကဖ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
အလားတူ ပေါင်းတည်တွင် ပျူစောထီးခေါင်းဆောင်အောင်ဝင်းဌေးကိုလည်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ကြောင်း ပဲခူးတိုင်း PDFက ထုတ်ပြန်သည်။
ပဲခူးတိုင်း ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် သစ်ပုတ် ကျေးရွာမှ စစ်တပ်လက်အောက်ခံပျူစောထီးခေါင်းဆောင် နှင့် လမ်းပြသတင်းပေးအောင်ဝင်းဌေးအား မတ်လ(၁၀)ရက်နေ့ နေ့လည်ပိုင်းက သစ်ပုတ်ရွာအနီး တွင် ပေါင်းတည်မြို့နယ်ပကဖနှင့် ပုတီးကုန်းမြို့နယ် ပကဖတို့ ပူးပေါင်း၍ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အောင်ဝင်းဌေးသည်စစ်ကောင်စီထံ သတင်းပေးလမ်းပြပြုလုပ်နေသည့်အပြင် ညောင်နီပင်အုပ်စု ရှစ်လုံးတဲတိုက် ပျူစောထီးသင်တန်းတွင် တက်ရောက်ခဲ့သူဖြစ်သည်ဟုဖော်ပြထားသည်။
၎င်း၏ သတင်းပေးတိုင်တန်းမှုကြောင့် စစ်ကောင်စီမှ ဖမ်းဆီးညှင်းပမ်းနှိပ်စက်ခံရသည့် လူငယ်များ ရှိခဲ့ကြောင်း၊ ၎င်းသည် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ကို ကြိုးကိုင်နေသူဖြစ်ပြီး ရွာစဉ်လှည့်၍ သစ်ဝယ်ကာ တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းတည်နေရာများကို ထောက်လှမ်းနေသူလည်းဖြစ်ကြောင်း သိရသည်။
ပျူခေါင်းဆောင် ၂ ဦးအားတစ်နေတည်းပစ်ခတ်ခဲ့မှုနှင့်ပတ်သပ်၍ ပဲခူးတိုင်းPDF ကိုPeople’s Spring ကဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်မရသေးပါ။
အဆိုပါစစ်ဆင်ရေးတွင် ပျူစောထီးသတင်းပေးလမ်းပြ အောင်ဝင်းဌေးမှာ နေရာ၌ပင် သေဆုံးသွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
