ချင်းပြည်နယ် မတူပီ-ပလက်၀လမ်းရှိ ထယ်ဘွေးတပ်စခန်းသို့ လာရောက်သည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်မတော်(CNF/CAN) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၇ရက်မှစ၍ မတူပီမှ ထွက်ခွာလာရာ CNA နှင့် ချင်းကာကွယ်ရေးတပ်(CDF) ချင်းပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်မှု ၄ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ အခုနှစ် ဖေဖော်ဝါရီ ၂၇ကနေ အခု မတ်လ အကြားမှာ အဲဒီလမ်းတလျှောက်မှာ တိုက်ခိုက်မှုတွေလုပ်တာပေါ့။ တိုက်ပွဲဖြစ်နေတာပေါ့။ အဓိကတော့ ဖေဖော်ဝါရီ ၂၇မှာ ထယ်ဘွေးနဲ့ မတူပီကြားရှိတဲ့ လိုင်လင်းပီမြို့ အဲဒီ တစ်မိုင်ခန့်မှာ တစ်နာရီကျော်ကြာ တိုက်ခိုက်မှု ဖြစ်တယ်။ အဲဒီမှာ စစ်ကောင်စီက ၁ဦးသေပြီး ၅ဦး ဒဏ်ရာရတယ်။ ၂၈ရက် ဖေဖော်ဝါရီမှာ တစ်ခါ တိုက်ပွဲ ပစ်ခတ်မှု ပြန်ဖြစ်တယ်။ အဲဒီမှာ စစ်ကောင်စီက ၄ဦးသေဆုံးပြီး ၁၀ယောက်ထက်မနည်း ဒဏ်ရာရမယ်လို့ သိရတယ်” ဟု ဆလိုင်းထက်နီကPeople’s Spring သတင်းဌာနသို့ပြောသည်။
မတ်လ၃ရက်နေ့ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး မတ်လ ၅ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရသည်ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင်ပလက်၀ CDFကလည်း မတ်လ ၈ရက်နှင့် ၉ရက်နေ့ တိုက်ပွဲများကို ဖော်ပြခဲ့ရာ ပလက်၀နယ် ကိန်းကန်းကုန်း ရွာ နှင့် စခီဟာရွာအကြား၌ ထယ်ဘွေးစခန်းသို့ အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။ ထို့ပြင် မတ်လ ၉ရက်တွင်လည်း တိုက်ပွဲ ၂ကြိမ်ထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။
ထိုကြောင့် ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ် ၅ ရက်အတွင်းတိုက်ပွဲများတွင်စစ်သား ၁၅ ဦးဝန်းကျင်သေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိကြောင်းချင်းအမျိုးသားတပ်မတော်(CNF/CAN) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီပြောသည်။ ပလက်ဝCDF ထုတ်ပြန်ချက်အရ မတ် ၈၊ ၉ ရက်တိုက်ပွဲတွင်စစ်သား ၁၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့၍ နှစ်ပါတ်အတွင်းစစ်သား ၂၈ ဦးဝန်းကျင်သေဆုံးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သေဆုံးဒဏ်ရာရမှုကို Peiple’s Spring ကသီးခြားအတည်မပြုနိုင်ပါ။တိုက်ပွဲများတွင် ချင်းတပ်ဖွဲ့ထိ့ခိုက်ကျဆုံးမှုကိုမူ မသိရသေးပါ။ပလက်ဝ CDF က တိုက်ပွဲများတွင် CDF တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိကြောင်းထုတ်ပြန်ထားသည်။
ယခင်က တိုက်ပွဲဖြစ်ပွားမှု ငြိမ်သက်နေသည့် မတူပီ – ပလက်၀ အကြားတွင် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။
