ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ ရဲစခန်းနှင့် နယ်ခြားစောင့်တပ်(BGF)တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာတွင် စခန်းမှူးတစ်ဦးအပါအဝင် (၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ(၅)ရက်က ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ကတိုင်တိကျေးရွာရှိ ကတိုင်တိနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)တပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
ကတိုင်တိရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် စခန်းမှူးတစ်ဦးအပါအဝင် ရဲမေတစ်ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။
ယင်းနေ့တွင်ပင် ကမမောင်း-ဖာပွန်ကားလမ်းပေါ်ရှိ နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၁၃)ကိုKNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး BGF တပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မတ်လ ၈ ရက်တွင်တော့ ကတိုင်တိအခြေစိုက် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်ရင်းက ကေအဲန်ယူ-မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထာ့ကျေးရွာအုပ်စု၊ ပိုဂါကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ကလေးတစ်ဦးအပါအဝင် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
ကေအဲန်ယူ-မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းတွင် စစ်ကောင်စီတပ်နှင့် KNLA တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် ရွာသားများ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများလည်းရှိနေသည်။
