ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် တပ်မဟာ(၅)နယ်မြေ အတွင်း၌ ဖေဖော်ဝါရီလတွင် တိုက်ပွဲပေါင်း ၁၇၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) ဘက်မှ ၆၉ ဦးသေဆုံးခဲ့ကာ ၄၉ ဦးဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်မှ သေဆုံးသူများအနက်တစ်ပွင့်ဗိုလ်တစ်ဦး၊တပ်ကြပ်ကြီးတစ်ဦးနှင့်ဒု-တပ်ကြပ်တစ်ဦးပါဝင်ကြောင်း အတည်ပြု သိရှိရသည်ဟု ဖော်ပြသည်။
ထိုအပြင်ဖေဖော်ဝါရီ ၂၅ ရက်ကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များသည် KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ကြောင်းBPLA ကထုတ်ပြန်ထားသည်။

မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက်(၂)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့ကြောင်းBPLAကအသိပေးခဲ့သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲနှင့်ပတ်သပ်၍ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တာဝန်ခံမောင်ဆောင်းခက “ ကျနော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်က စကစနဲ့ BGF တို့ပူးတွဲနေထိုင်ကြတဲ့စခန်းကို အလစ်ဝင်တိုက်ကြတာဖြစ်ပါတယ်။ ရန်သူတွေက စိတ်ဓာတ်အင်အားချိနဲ့နေကြတော့ အလွယ်တကူပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု People’s Spring သတင်းဌာနသို့ပြောခဲ့သည်။
တစ်လအတွင်းတိုက်ပွဲများတွင်တပ်မဟာ(၅)ဘက်ကလည်း စစ်သည် ၂ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ကြောင်းလည်းသိရသည်။
စစ်ကောင်စီတပ်က ပြည်သူများနေထိုင်ရာနှင့် လုပ်ငန်းခွင်များသို့ တိုက်လေယာဉ်ဖြင့် ၇ကြိမ်လာရောက်တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၄၄လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင်မှ အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ဦး အသက်ဆုံးရှုံးခဲ့ရပြီးဒဏ်ရာရသူများလည်း ရှိသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ပြည်သူလူထုနေအိမ် ၃၆လုံး ပျက်စီးခဲ့ရပြီး ကားတစ်စီး၊ ဆိုင်ကယ်၊ ဆန်စက် ၊ လယ်ထွန်စက်တို့လည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု အသိပေးထားသည်။
