မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်က ပျူစောထီးကျေးရွာအဖြစ် အသွင်ပြောင်းလိုက်၍ မနေလိုသောကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူ ၈၀၀ကျော်ကို ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း Oak Awe UG Group ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ပျူစောထီးကျေးရွာမှ PDFထိန်းချုပ်ထားသည့် နယ်မြေဘက်ကို စစ်ဘေးရှောင်လာသည့်အိမ်ထောင်စု ၁၉၇စု၊ လူဦးရေ ၈၂၃ဦးအား ကိုရီးယားနိုင်ငံမှ ကျပ် ၁၀သိန်း၊ စလေမြို့မှ ပုဂ္ဂိုလ်တစ်ဦးက ကျပ် ၇ သိန်း၊ CRPH နော်ဝေက ၁၅ သိန်းကျပ်၊ စုစုပေါင်း ၃၂ သိန်းကျပ် လှူဒါန်းပေးခဲ့ကြောင်း၊ ထို့ကြောင့် ယမန်နေ့(မတ်လ၅ ရက်)က အိမ်ထောင်စုတစ်စုလျှင် တစ်သောင်းကျပ်နှုန်း၊ အများပြည်သူလှူဒါန်းသည့် ကြက်သွန်များအား တစ်အိမ်ထောင်လျှင် တစ်ပိဿာနှုန်း လှူဒါန်းပေးခဲ့ကြောင်း Oak Awe UG Group ပြန်ကြားရေးတာဝန်ခံက ပြောသည်။


“ သူတို့ကျေးရွာကြီးက စကစရဲ့လက်ဦးမှုရယူသွားတော့ ပျူစောထီးရွာဖြစ်သွားတယ်လို့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။သူတို့ကိုယ်တိုင်လည်း ပျူသင်တန်းတက်ခဲ့ရတယ်။ လက်နက်ကိုင်ခဲ့ရတယ်ပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက ကျွန်တော်တို့ PDF တွေကိုကြောက်နေရတယ်။ နောက်စကစတွေကိုလည်း ကြောက်ရတယ်လို့ဝန်ခံတယ်။” ဟု Oak Awe UG Group ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ ကျွန်တော်တို့တပ်ကို လာရောက်ကူးပြောင်းလာတဲ့နေရာမှာ စိတ်ရင်းအမှန်နဲ့နေထိုင်ပေးကြဖို့၊ လိုအပ်တဲ့အကူအညီတွေကို အဆင့်ဆင့်တင်ပြပေးဖို့၊ ဒလန်တွေသူသျှိုတွေက ပါကောင်းပါနိုင်ပါလိမ့်မယ်။ ဒလန်သူသျှိုလုပ်မယ်ဆိုရင်တော့ မသိရင်တော့ကိစ္စမရှိဘူး။ သိသွားရင်တော့ သူတို့တွေအတွက် လုပ်ရိုးလုပ်စဥ်အတိုင်း ဆောင်ရွက်သွားမှာပါ။” ဟု အထက်ပါတာဝန်ခံက ရှင်းပြသည်။

အဆိုပါ စစ်ဘေးရှောင်စောင့်ရှောက်မှုများအား သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး(B.H.S.R.F)နှင့် တိုက်မောင်း LPDF မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
