▪︎စစ်တပ်ကရဟတ်ယာဥ်ဖြင့် ၆ ကြိမ်လာပစ်၍ စခန်းမသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းPDF များပြော
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုလ်စုရွာရှိ စစ်ကောင်စီတပ်စခန်းကိုဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ မနက် အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဒေသခံများကပြောသည်။
စစ်ကောင်စီဘက်မှ အနည်းဆုံး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပေါက်မြို့နယ်ရှိ အဆိုပါစစ်ကောင်စီစခန်းသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအထိုင်ချထားခြင်းဖြစ်သည်။ ထိုစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ယနေ့ မနက် ၅ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရွာစစ်စခန်းတွင်စစ်ကောင်စီတပ်သား ၂၅ ဦးကျော်နှင့် ပျူများအခြေချနေထိုင်ကြောင်း PDF များကပြောသည်။




ပေါက်မြို့နယ်အပါအဝင် ပခုက္ကူခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းခံနီးတွင် စစ်ကောင်စီတပ်ဘက် ရဟတ်ယာဉ်တစ်စီးဖြင့် ခြောက်ကြိမ်တိုင်တိုင်လာရောက်ပစ်ခတ်ခဲ့သောကြောင့် ဒေသခံကာကွယ်ရေးတပ်များက ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟုပါဝင်တိုက်ခိုက်ခဲ့သောPDFတစ်ဦးကပြောသည်။
“စခန်းသိမ်းခံနီးမှာ စစ်ကောင်စီတပ်ဘက်ကလေကြောင်း ပစ်ကူလာလို့ ပြန်ဆုတ်လာရတယ်။ တိုက်ပွဲက မနက် ၅နာရီကနေ ၉နာရီအထိကြာတယ်”ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် အနောက်ပိုင်းတိုင်း၊တပ်ရင်း (၇၀၃)မှ PDFတစ်ဦးကပြောသည်။


ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အနည်းဆုံးတစ်ဦးသေဆုံးခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်အကျအဆုံးမရှိခဲ့ကြောင်းလည်းPDFများကပြောသည်။
ကုက္ကိုလ်စုကျေးရွာသည် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ စခန်းချပြီး အနီးနားကျေးရွာများကို အနိုင်ကျင့်နှိပ်စက်နေခြင်းကြောင့် ဒေသခံကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကလည်းပြောသည်။ ရွာသည် ပခုက္ကူမြို့နှင့်ပေါက်မြို့ကို ဆက်သွယ်ထားသည့် မုံရွာ-ပုသိမ်လမ်းမကြီးပေါ်တွင်ရှိပြီး ပေါက်မြို့အတွက် အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိသည်။
ဖေဖော်ဝါရီလတွင် စစ်ကိုင်း၊မကွေး၊မန္တလေး ရှိစစ်ကောင်စီတပ်စခန်းများကို PDF များကဆက်တိုက်တိုက်ခိုက်နေသည်။
