မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ – ဆီမီးခုံလမ်းပိုင်းတွင် အိမ်စီးကားနှစ်စီးဖြင့်လာသောစစ်ကောင်စီတပ်သားများအား မိုင်းငါးလုံးဖြင့်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့(မတ်လ ၅ ရက်) ည ၁၁နာရီ မိနစ် ၄၀ခန့်က ကြည်ကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသော ယာဥ်နှစ်စီးကို မြင်းခြံ-ဆီမီးခုံလမ်းပေါ် ကတောရွာနှင့် ရွာရှည်ရွာကြား၌ မိုင်းငါးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရှေ့မှမောင်းနှင်လာသည့် အာရာဖက် အမျိုးအစားယာဥ် မိုင်းထိမှန်ကာ လမ်းပေါ်တွင် ထိုးရပ်သွားခဲ့ကြောင်း၊ ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကြောင်း အတွင်းသတင်းအရအတည်ပြုသည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ ကြည်ရွာကနေ မြင်းခြံမြို့ကိုပြန်တာပါ။ စစ်ကြောင်းရှိလို့ ကူးနေကြတာ။ ကြည်ရွာမှာ အထိုင်ချပြီး မြစ်အနောက်ဖက် မြောင်နယ်ထဲ စစ်ကြောင်းထိုးနေကြတာ။ ရှေ့က အာရာဖက်ကား လေးကောင်ခန့်၊ နောက်က ဖိုးဝှီးကား ခြောက်ကောင်ခန့်ပါတယ်။” ဟု နောင်ရိုးအထူးပြောက်ကျားတပ်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့အပြင် နောက်မှပါလာသော ယာဥ်ပေါ်မှ စစ်ကောင်စီတပ်သားများက သေနက်လေးငါးချက်ခန့် ပစ်ဖောက်ခဲ့သော်လည်း ရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်က အသိပေးသည်။
မိုင်းထိပြီးမကြာမီ စစ်ကား သုံးစီးထပ်မံရောက်ရှိလာပြီး ပျက်စီးသွားသော ယာဥ်နှင့် သေဆုံးစစ်သားအလောင်းများအား လာရောက်သယ်ယူသွားကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင်တပ်ရင်းအမှတ် – (၆)တပ်ခွဲ၊ (၁) နောင်ရိုးအထူးပြောက်ကျားတပ်-NY SGFနှင့် မြင်းခြံခရိုင်တပ်ရင်းအမှတ် – (၁) 27 Revolution Force ညီနောင်နှစ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
