စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီလက်ပါးစေ ရဲကားအားမိုင်းဖြင့် တိုက်ခိုက်ရန် မိုင်းထောင်နေစဉ် မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့ရသည်ဟု Indaw Revolution က ဖော်ပြသည်။
ယမန်နေ့ (မတ်လ ၂ရက်) ညပိုင်း ၈နာရီခွဲက ကင်းပတ်နေသည့် ရဲကားအား အင်းတော်မြို့ လမ်းဆုံမီးပွိုင့်တွင် ဖောက်ခွဲတိုက်ခိုက်ရန် ကြိုးစားနေသည့် အသက်(၂၀)ကျော်အရွယ် ရဲဘော်နှစ်ဦး မတော်တဆဖြစ်၍ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ညတုန်းက သူတို့ရဲ့ဘန်ကာမှာ ဖြစ်တာပေါ့။ ဘန်ကာပျက်စီးသွားတယ်။ ဒီဟာက မိုင်းဆင်ရင်းမတော်တဆ ပေါက်ကွဲမှုတွေကတော့ ဖြစ်လေ့ဖြစ်ထရှိတာပေါ့။ သူတို့ကတော့ ကင်းပတ်တဲ့ ခွေးကားကို မိုင်းထောင်တာ။ ည ၈နာရီလောက်ဆိုတော့ မီးကလည်း သိပ်မမြင်ရဘူးဆိုတော့ မိုင်းဆိုတာက အန္တရာယ်များတယ်လေ” ဟု အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။
ရုပ်အလောင်းအား စစ်ကောင်စီတပ်က ကောက်ယူပြီး အင်းတော်သင်္ချိုင်း၌ သင်္ဂြိုလ်ခဲ့သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
