စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ခင်မွန်ကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးသေဆုံးပြီး နေအိမ် ၅၀ခန့်လည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (မတ်လ ၃ရက်) နံနက်ပိုင်းက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ယာဥ်နှစ်စီးဖြင့် ထွက်လာသော စစ်ကောင်စီတပ်သည် နံနက်၁၀နာရီခန့်တွင် ခင်မွန်ရွာသို့ စစ်ကြောင်းနှစ်ခုခွဲ ဝင်ရောက်ခဲ့သည်။

ကျေးရွာအား (၆၀)မမ၊ (၄ဝ) မမ လက်နက်ကြီးများအပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့၍ အသက် (၆၀)အရွယ် အမျိုးသမီးတစ်ဦးနှင့် ၁၃ နှစ်အရွယ်ကလေးငယ် တစ်ဦးသေဆုံးခဲ့ကြောင်း၊ အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း Khin Mon Revolution က ဖော်ပြသည်။

ထို့အပြင် ဖမ်းဆီးခံထားရသည့် ပြည်သူများလည်းရှိနေပြီး ဒေသခံထောင်ဂဏန်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။


“ ဒီနေ့လေတိုက်တော့ ပိုဆိုးတယ်။ မီးကြွင်းမီးကျန်ကနေ အခုညထိလောင်နေတယ်။ အခုညပိုင်းအိမ်၈ လုံးထပ်ပါတယ်လို့ ပြောတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီစစ်ကြောင်းသည် ညနေ ၅နာရီခွဲအချိန်ထိ ပြန်မထွက်သေးဘဲ ကားလမ်းမကြီးဘေးက နေအိမ်များတွင် သောက်စားနေကြပြီး သေနတ်များပစ်ဖောက်နေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း စစ်ကိုင်းမြို့နယ်တာတိုင်ကျေးရွာက ပြည်သူ၁၇ဦးနှင့် ဝက်လက်မြို့နယ်က ဒေသခံ ပြည်သူ ၇ဦးခန့်အား သတ်ဖြတ်သွားခဲ့သေးသည်။
