ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာအနီးစစ်ကောင်စီတပ်စွဲထားသောစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းနှင့် ကော်သူလေးတပ်မတော် (KTLA) တို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေးဦးထက်မနည်းသေဆုံးကြောင်းတာဝန်ရှိသူတစ်ဦးကပြောသည်။
ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာအနီးတပ်စွဲထားသောစစ်ကောင်စီတပ်စခန်းကို ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းမှ ပုလဲစစ်ကြောင်းနှင့် ကော်သူလေးတပ်မတော် (KTLA) တို့က ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ တိုက်ပွဲကနှစ်နာရီလောက်ကြာတယ်။ကော့သောင်းခရိုင်တပ်ရင်း (၁)က ရဲဘော်တစ်ဦး ဝမ်းဗိုက်ကျည်ရှပ်ထိမှန်ဒဏ်ရာရတယ်။စစ်တပ်ဘက်ကလေးဦးသေဆုံးသွားပါတယ်” ဟု တနင်္သာရီစစ်ဒေသခွဲတာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့အပြင်ဖေဖော်ဝါရီလ ၂၆ရက်ကလည်းမြိတ်-ထားဝယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိမ်ကုန်းရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းဂိတ်ကို သွားရောက်တိုက်ခတ်ခဲ့သည်ဟု People’s Defence Force – Federal Column က သတင်းထုတ်ပြန်ထားသည်။အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီနှင့်ပျူသုံးဦးသေဆုံးခဲ့ကြောင်းPeople’s Defence Force -Federal Columnက သတင်းထုတ်ပြန်သည်။
ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဖေဖော်ဝါရီ တတိယပါတ်မှစ၍ တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံအချို့ သည်ထိုင်းနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။
ဖေဖော်ဝါရီလ ၂၁ ရက်တွင်ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာသို့စစ်တပ်မှ လက်နက်ကြီး နှစ်ချက်ထု၍ အင်အား (၁၇၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာရာပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် (၁)တပ်ရင်းနှင့် ကော်သူလေး Army ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။ စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးပြီး (၅၀)ဦးခန့်ဒဏ်ရာရရှိခဲ့ပြီး ကော့သောင်းခရိုင်အမှတ် (၁)တပ်ရင်းနှင့်KTLAမှ ရဲဘော် တစ်ဦးစီလက်နက်ကြီးစထိမှန်ကာမစိုးရိမ်ရ ဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်ထားသည်။
ထိုအပြင်ဖေဖော်ဝါရီ ၂၃ ရက်တွင်လည်းကော့သောင်းမြို့နယ် နှင့် ခမောက် ကြီးမြို့နယ်ခွဲအကြား မလိဝမ်းရေတံခွန်အနီး ပြည်ထောင်စုကားလမ်းမကြီးဘေးတွင်စစ်သားသုံးဦးကကင်းပုန်းဝပ်နေသည်ကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ရာစစ်သားနှစ် ဦးဒဏ်ရာရသွားကြောင်းကော့သောင်းမြို့ နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုကိုကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ မှလုပ်ခဲ့ခြင်းသာဖြစ်ပြီးဒေသခံပြည်သူများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း၊ ဆက်လက်၍စစ်ရေးအရှိန်မြှင့်သွားမည်ဟုလည်းထုတ်ပြန်ထားသည်။
