စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းအဖွဲ့ ၁၀ဦးအား မိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးနေရာ၌ သေဆုံးကြောင်း Khin U Special Force Organization-KSOအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (မတ်လ ၁ ရက်)မွန်းလွဲပိုင်းက သရက်ပင်စုရွာသစ်ဘက်မှ ယာတော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းအဖွဲ့ ၁၀ဦးအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ငါးဦးနေရာ၌ သေဆုံးကြောင်း၊ ကျန် ငါးဦးက ရဲဘော်များအား ဝိုင်းပိတ်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း KSOအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ သူတို့ဘက်ကနေ ဝိုင်းပြီးတော့ ပိတ်ပြီးပစ်တယ်။ ၁၅မိနစ်လောက်ကြာတော့ ရဲဘော်တွေပိတ်မိနေခဲ့တယ်။ ဒါပေမယ့် ပြန်ထွက်နိုင်ခဲ့တယ်။” ဟု KSOအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
သို့သော် ပြန်ဆုတ်ပြီးချိန် ရဲဘော်တစ်ဦး နှလုံးအမောဖောက် အားနည်းလာသောကြောင့် ယခုအချိန်အထိ ဆေးကုသမှု ခံယူနေရကြောင်း အထက်ပါတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်ခြမ်း မြင်းဒေါင်းကျေးရွာ အနောက်တောင်ဘုန်းကြီးကျောင်းနှင့် သရက်ပင်စုကျေးရွာ လင်းရောင်ခြည် ဘုန်းကြီးကျောင်းတွင် သုံးရက်တာ တပ်စွဲ ညအိပ်နေသော စစ်ကြောင်းဖြစ်သည်။
စစ်ကောင်စီတပ်များသည် ယမန်နေ့ညက သရက်ပင်စုကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြင်းဒေါင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ပြန်လည်စခန်းချခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ရေဦးမြို့မှ စစ်ကောင်စီတပ်များသည် ဖေဖော်ဝါရီ ၂၈ရက်နှင့် ယမန်နေ့များက မြင်းဒေါင်းကျေးရွာရှိ ပြည်သူပိုင်ပစ္စည်းများအား ကားများဖြင့် နှစ်ရက်ဆက်တိုက် ခိုးယူသယ်ဆောင်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းကြောင့် မြင်းဒေါင်း၊သရက်ပင်စု၊ ယာတော်၊ မကျီးအုပ်၊ကားဆိပ်၊အင်တိုင်းလေး(မြောက်) စသည့်ကျေးရွာများ လေးရက်တိတိ ထွက်ပြေးတိမ်းရှောင်နေရပြီး သရက်ပင်စုနှင့် မြင်းဒေါင်းကျေးရွာမှ ဖမ်းဆီးခံ ပြည်သူများရှိနေကြောင်း ဒေသခံများက ပြောသည်။
ယနေ့(မတ်လ ၂ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ယာတော်ကျေးရွာမှတဆင့် ကျွန်းတော်ကြီးရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ စစ်ကြောင်းထိုးနေကြောင်း နယ်ခံတစ်ဦးက ပြောသည်။
ပြည်သူများအနေဖြင့် ဒေသခံကာကွယ်ရေးများ ၏ မြေပြင်အခြေအနေအရ စည်းကမ်းချက်ထုတ်ပြန်မှုများအား လေးစားလိုက်နာပေးကြရန် KSO အဖွဲ့က သတိပေးထားသည်။
